ကလေးငယ်များအား အရွယ်မတိုင်မီ တပ်သားအဖြစ် စုဆောင်းခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ လက်ထပ်ထိမ်းမြားခံရခြင်းတို့မှ ကာကွယ်နိုင်ရန် မွေးဖွားမှုမှတ်ပုံတင်ခြင်းကို တိုးမြှင့်လုပ်ဆောင်နေ

ကလေးငယ်များအား အရွယ်မတိုင်မီ တပ်သားအဖြစ် စုဆောင်းခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ လက်ထပ်ထိမ်းမြားခံရခြင်းတို့မှ ကာကွယ်နိုင်ရန် မွေးဖွားမှုမှတ်ပုံတင်ခြင်းကို တိုးမြှင့်လုပ်ဆောင်နေ
Published 6 April 2018

ကလေးသူငယ် လိင်အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးရေးလှုပ်ရှားမှုကို ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ်ဝင်းအတွင်း ပြုလုပ်ခဲ့စဉ်

ကလေးငယ်များအား အရွယ်မတိုင်မီ ကလေးလုပ်သားအဖြစ် စေခိုင်းခံရခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများတွင် တပ်သားအဖြစ် ခေါ်ယူစုဆောင်းခံရခြင်း၊ ကလေးငယ်များအား လူကုန်ကူးခံရခြင်းနှင့် လက်ထပ်ထိမ်းမြားခံရခြင်းတို့မှ ကာကွယ်ပေးနိုင်ရန်နှင့် ကလေးသူငယ်များအား တရားစီရင်ရေးစနစ်တွင် ရင်ဆိုင်ဖြေရှင်းနိုင်ရန် မွေးဖွားမှု မှတ်ပုံတင်ခြင်းကို ယူနီဆက်(ဖ်)က တိုးမြှင့် လုပ်ဆောင်ပေးနေကြောင်း သိရသည်။

ကလေးငယ်များအနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးအထောက်အပံ့များကဲ့သို့ အရေးပါသည့် ဝန်ဆောင်မှုများရရှိနိုင်ရန် မွေးဖွားမှု မှတ်ပုံတင်ခြင်းကို ပြုလုပ်ရန် လိုအပ်ကြောင်း၊ မွေးစာရင်း မှတ်ပုံတင် ကိုင်ဆောင်ထားခြင်းဖြင့် ကလေးသူငယ် အခွင့်အရေးများတွင် အပါအဝင်ဖြစ်သည့် ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများကို ရရှိနိုင်သည့် အခွင့်အလမ်းများကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်းနှင့် ကလေး၏ အသက်အရွယ်ကို အတည်ပြုနိုင်ခြင်းသည် ကလေးငယ်များအား ကလေးလုပ်သားအဖြစ် စေခိုင်းခံရခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများတွင် တပ်သားအဖြစ် ခေါ်ယူစုဆောင်းခံရခြင်း၊ ကလေးငယ်များ လူကုန်ကူးခံရခြင်းနှင့် လက်ထပ်ထိမ်းမြားခံရခြင်းတို့မှ ကာကွယ်ပေးနိုင်ရန် အဓိကကျသည့် အချက်တစ်ချက် ဖြစ်ကြောင်း သိရသည်။

မွေးစာရင်း မှတ်ပုံတင်ရှိထားခြင်းဖြင့် လူကုန်ကူးခံရသည့်ကလေးများအား ပြန်လည်စိစစ်ခြင်းနှင့် လွှဲပြောင်းပေးရာတွင် အထောက်အကူဖြစ်စေပြီး၂၀၁၄-၂၀၁၅ ခုနှစ် အတွင်း ဧရာဝတီတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် အသက်ငါးနှစ်အောက် ကလေးငယ် သုံးသိန်းကျော်ကို မွေးဖွားမှု မှတ်ပုံတင် လုပ်ဆောင်ပေးခဲ့သည်။

ထပ်မံ၍ ကျန်ရှိနေသော တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုတွင် မွေးဖွားမှုမှတ်ပုံတင်မရသေးသော ကလေးငယ် တစ်သန်းကျော်ရှိနေပြီး မွေးဖွားမှုမှတ်ပုံတင်ခြင်း ပညာပေးလှုပ်ရှားမှုများ ဆက်လက်တိုးမြှင့် လုပ်ဆောင်နေကြောင်း၊ ရန်ကုန်မြို့တွင် မွေးဖွားသော ကလေးငယ်တိုင်းနီးပါးသည် မွေးဖွားမှု မှတ်ပုံတင်ရှိကြပြီး ဝေးလံခေါင်ဖျားအရပ်ရှိ ကျေးလက်ဒေသများတွင်မူ မွေးစာရင်းလက်မှတ်မရှိသည်ကို တွေ့ရှိရကြောင်းနှင့် ယူနီဆက်(ဖ်) သည် ၂၀၁၃ ခုနှစ် ဇန်နဝါရီမှစ၍ ဥရောပသမဂ္ဂ ရန်ပုံငွေအထောက်အပံ့ဖြင့် မွေးဖွားမှုမှတ်ပုံတင်ခြင်း စီမံချက်ကို မြန်မာအစိုးရနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။

ပြည်တွင်း၌ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ကလေးသူငယ်များအား စစ်သားအဖြစ် စုဆောင်းအသုံးပြုနေဆဲဖြစ်ပြီး ထိုကဲ့သို့ စုဆောင်းမှုများကို အရပ်သားပွဲစားနှင့် အကျိုးဆောင်များမှတစ်ဆင့် ပြုလုပ်နေကြောင်းနှင့် လက်နက်ကိုင်အဖွဲ့များတွင် ကလေးသူငယ်များကို တပ်သားအဖြစ်ခေါ်ယူ စုဆောင်းခြင်းမှ ကာကွယ်နိုင်ရန် အရပ်သားပွဲစားများမှတစ်ဆင့် သော်လည်းကောင်း (သို့ မဟုတ်) တပ်မတော်သားကိုယ်တိုင်သော် လည်းကောင်း၊ တပ်သားအဖြစ် ခေါ်ယူစုဆောင်း အသုံးပြုနေခြင်းကို ပြစ်မှုကျူးလွန်ခြင်းဟု သတ်မှတ်ထားကြောင်း သိရသည်။

၂၀၀၇ ခုနှစ်မှစပြီး မြန်မာ့တပ်မတော်နှင့် အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခုနစ်ဖွဲ့အား ကုလသမဂ္ဂအတွင်းရေးမှူးအဖွဲ့ချုပ်ထံ တင်သွင်းသည့် ပဋိပက္ခအတွင်း ကလေးစစ်သား ခေါ်ယူစုဆောင်း အသုံးပြုသည့် နိုင်ငံများစာရင်းတွင် ထည့်သွင်း ဖော်ပြခဲ့ကြောင်းနှင့် ၂၀၁၂ ခုနှစ် ဇွန်မှစ၍ တပ်မတော်သည် ကမ္ဘာ့ကုလသမဂ္ဂနှင့် လုပ်ငန်းဆောင်ရွက်မှုစီမံချက်ကို စတင်သဘောတူ လက်မှတ်ထိုးပြီးချိန်မှစ၍ ကလေးသူငယ်များအား လက်နက်ကိုင်အဖွဲ့အစည်းများတွင် ခေါ်ယူစုဆောင်း အသုံးပြုမှုကို အဆုံးသတ်ရန် တပ်မတော်တွင် စစ်မှုထမ်းနေသည့် အရွယ်မရောက်သူ လူငယ် ၇၀၀ နီးပါးကို နုတ်ထွက်ခွင့်ပြုခဲ့ပြီးဖြစ်သည်။

Most Recent