မြန်မာ-တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဒေသများတွင် နယ်စပ်ဒေသစီးပွားရေးဇုန် တိုးမြှင့်ထူထောင်မည်

မြန်မာ-တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဒေသများတွင် နယ်စပ်ဒေသစီးပွားရေးဇုန် တိုးမြှင့်ထူထောင်မည်
Published 6 April 2018

လက်ရှိ တရုတ်နှင့်ကုန်သွယ်ရေး ဆောင်ရွက်နေသည့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်(ဓာတ်ပုံ- ထွန်းနေလှိုင်)

မြန်မာ-တရုတ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဒေသများတွင် ဆက်လက်လေ့လာကာ နယ်စပ်ဒေသ စီးပွားရေးဇုန်တိုးမြှင့် ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ သိရသည်။

ဧပြီ ၄ ရက်က မြန်မာ-တရုတ်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဒေသ တည်ဆောက်မှုအား အကောင်အထည်ဖော်နိုင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့် ရှင်ကျန်းပြည်နယ် ဟော်ကိုစစ် (Khorgos) နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ပထမဆုံးအကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးရာတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းနှင့် အဖွဲ့ဝင်တို့မှ နယ်စပ်စီးပွားရေးဇုန် တည်ဆောက်ရေးနှင့် ပတ်သက်၍ သိလိုသည်များကို ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ယူနန်ပြည်နယ်အတွင်း မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဒေသများတွင် ဆက်လက်လေ့လာကာ နယ်စပ်ဒေသစီးပွားရေးဇုန် တိုးမြှင့်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား နယ်ခြားဒေသတွင် ကုန်သွယ်မှုနှင့် စက်မှုဇုန် တည်ထောင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။ “တရုတ်နဲ့မြန်မာ နယ်ခြားဒေသမှာ  Trade နဲ့ Industrial Economic Zone တည်ဆောက်ဖို့လည်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခရီးမှာ သဘောတူလက်မှတ်ထိုးပြီးပါပြီ။ လုပ်ငန်းတွေ လုပ်စရာတော့ အများကြီးပါပဲ”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

အလားတူ မြန်မာနိုင်ငံအစိုးရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရတို့အကြား စီးပွားရေး စြင်္ကံလမ်းတည်ထောင်ရေးဆိုင်ရာ နားလည်မှုစာခွျှန်လွှာ (မူကြမ်း) အတွက် အပြီးသတ် ညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ  ၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် သီလဝါ အထူးစီးပွားရေးဇုန်ကို တည်ထောင်လုပ်ကိုင်ခဲ့ရာ လက်ရှိအချိန်တွင် အောင်မြင်နေပြီဖြစ်ကြောင်း၊ ဆက်လက်ပြီး ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်များ ဆက်လက် အကောင်အထည်ဖော်ရေးကိုလည်း ညှိနှိုင်းဆွေးနွေးနေကြောင်း  သိရသည်။

အလားတူ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ တိုးမြှင့်နိုင်ရေး၊ ပို့ကုန်ကဏ္ဍတွင် ပို့ကုန်များ တိုးမြှင့်နိုင်ရေးအတွက် ပုဂ္ဂလိကဘက်မှ ပါဝင်ဆောင်ရွက်နိုင်မှုနှင့် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဘက်မှ ဖြေလျှော့နိုင်မှုများကိုလည်း ဖြေလျှော့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနှင့် တရုတ်နိုင်ငံတို့၏ ကုန်သွယ်မှုတွင် နှစ်စဉ်ဒေါ်လာ ၁၀ ဘီလျံခန့် ကုန်သွယ်မှု ပြုလုပ်နေခြင်းဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှု ပမာဏ၏ ၃၀ ရာခိုင်နှုန်းခန့်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

 

 

Most Read

Most Recent