F-7 လေယာဉ် ပျက်ကျရာတွင် သေဆုံးခဲ့ရသည့် ဗိုလ်မှူးအာကာဝင်း၏ ဈာပနအခမ်းအနား ပြုလုပ်

F-7 လေယာဉ် ပျက်ကျရာတွင် သေဆုံးခဲ့ရသည့် ဗိုလ်မှူးအာကာဝင်း၏ ဈာပနအခမ်းအနား ပြုလုပ်
Published 5 April 2018

တောင်ငူလေတပ်စခန်းဌာနချုပ်မှ တပ်မတော် F-7 လေယာဉ်သည် လေ့ကျင့်ပျံသန်းမှု ဆောင်ရွက်နေစဉ် ဧပြီ ၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ် ဝန်းကျင်က အင်ဂျင်ချို့ယွင်း၍ ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး လေယာဉ်မှူး ဗိုလ်မှူး အာကာဝင်း သေဆုံးခဲ့ရခြင်း ဖြစ်သည်။

လေ့ကျင့်ပျံသန်းမှု ဆောင်ရွက်ခဲ့သော တပ်မတော် F-7 လေယာဉ်တစ်စီးသည် လေယာဉ်ကွင်း၏ အနောက်ဘက် ၃ မိုင်ခန့်အကွာ အမြင့်မီတာ ၅၀၀ ခန့်အရောက်၌ စက်ချို့ယွင်းမှုကြောင့် ပျက်ကျသွားခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ လေယာဉ်ပျက်ကျရာနေရာသို့ တောင်ငူလေတပ်စခန်း ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ရာ တောင်ငူမြို့၊ ကျွန်းကုန်းရွာနှင့် မြောက်ရေကြည်ရွာကြားတွင် ပျက်ကျ ပျက်စီးသွားခဲ့သော လေယာဉ်အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ကျွန်းကုန်းရွာပေါ်သို့ လေယာဉ်ပျက်ကျမှု မရှိစေရေးအတွက် အသက်ကို ပဓာနမထားဘဲ လေယာဉ်အား အတတ်နိုင်ဆုံး ထိန်းကျောင်း မောင်းနှင်ခဲ့စဉ် အသက်ဆုံးရှုံးခဲ့ရသည့် လေသူရဲဖြစ်သူ ဗိုလ်မှူး အာကာဝင်းအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးကျူးဂုဏ်ပြုကြောင်း ဧပြီ ၄ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။