အလုံဆိပ်ကမ်းရှိ ဦးမြငဇင်သမ္ဗာန်ဆိပ်အနီးတွင် ရှင်ပြုခါနီးကလေးငယ်တစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံး

အလုံဆိပ်ကမ်းရှိ ဦးမြငဇင်သမ္ဗာန်ဆိပ်အနီးတွင် ရှင်ပြုခါနီးကလေးငယ်တစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံး
Published 3 April 2018

ရန်ကုန်မြို့ အလုံမြို့နယ် အလုံဆိပ်ကမ်းရှိ ဦးမြငဇင်သမ္ဗာန်ဆိပ်အနီးတွင် ရှင်ပြုခါနီး ကလေးငယ်တစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါကလေးငယ်မှာ ဧပြီ ၂ ရက် ညနေ ၄ နာရီခွဲခန့်တွင် အခြားသူငယ်ချင်းလေးဦးနှင့် အတူ အလုံမြို့နယ်ရှိ ဦးမြငဇင် သမ္ဗာန်ဆိပ်အနီးတွင် လာရောက်ရေကူးခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့သည့် ကလေးငယ်မှာ အမှတ် (၆) အခြေခံပညာအလယ်တန်းကျောင်း လှော်ကားတွင် တက်ရောက်နေသည့် အဋ္ဌမတန်း ကျောင်းသားတစ်ဦးဖြစ်ပြီး ၁၃ နှစ်အရွယ် ကလေးတစ်ဦးဖြစ်ကြောင်း သိရသည်။

“သူငယ်ချင်းငါးယောက် ရေလာကူးကြတာပါ။ သူတို့ကူးပြီးမကြာဘူး။ ငါးယောက်စလုံး ရေနစ်နေလို့ အနားမှာရှိတဲ့ စက်လှေမောင်းသမားတွေက ဝင်ကယ်ကြတာ။ လေးယောက်ကတော့ ပြန်ဆယ်လို့ရတယ်။ ကျန်တဲ့တစ်ယောက်ကတော့ ည ၈ နာရီလောက်မှာ အလောင်းကို ပြန်ဆယ်လို့ရတယ်။ ကောင်လေးက လာမယ့်အပတ်ထဲမှာ ကိုရင်ဝတ်တော့မှာ” ဟု အဆိုပါကလေးငယ်ရေနစ်ရာတွင် ပါဝင်ကယ်ဆယ်ခဲ့သူ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်အား ဆိပ်ကမ်းမြို့မ ရဲစခန်းက သေမှုသေခင်းဖွင့်ပြီး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။