တရုတ်-မြန်မာ စီးပွားရေးစြင်္ကံတွင် လေဆိပ်များအဆင့်မြှင့်တင်ခြင်းကဲ့သို့ လုပ်ငန်းများလည်း ပါဝင်လာမည်ဖြစ်ပြီး MoU ရေးထိုးပြီး၍ လုပ်ငန်းများစတင်ချိန်တွင် မြန်မာဘက်မှ ဆောင်ရွက်မည့် လုပ်ငန်းများကို ပြည်သူများသိရှိစေရန် ထုတ်ပြန်ပေးမည်

တရုတ်-မြန်မာ စီးပွားရေးစြင်္ကံတွင် လေဆိပ်များအဆင့်မြှင့်တင်ခြင်းကဲ့သို့ လုပ်ငန်းများလည်း ပါဝင်လာမည်ဖြစ်ပြီး MoU ရေးထိုးပြီး၍ လုပ်ငန်းများစတင်ချိန်တွင် မြန်မာဘက်မှ ဆောင်ရွက်မည့် လုပ်ငန်းများကို ပြည်သူများသိရှိစေရန် ထုတ်ပြန်ပေးမည်
Published 3 April 2018

နှစ်နိုင်ငံခေါင်းဆောင်များအကြား သဘောတူညီထားပြီးဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစြင်္ကံတွင် ဆောင်ရွက်မည့် လုပ်ငန်းများမှာ ကြီးမားသည့်လုပ်ငန်းများဖြစ်ပြီး လေဆိပ်များအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများလည်း ပါဝင်လာမည်ဖြစ်ကာ နှစ်နိုင်ငံအကြား MoU ရေးထိုးပြီး၍ လုပ်ငန်းများ ဆောင်ရွက်ချိန်တွင် မြန်မာနိုင်ငံဘက်မှ လုပ်ဆောင်မည့် စီမံကိန်းများကို ပြည်သူများ သိရှိစေရန် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဧပြီ ၂ ရက်တွင် ပြောကြားသည်။

“တရုတ်-မြန်မာ စီးပွားရေးစြင်္ကံကို အကောင်အထည်ဖော်ဖို့ သဘောတူညီထားပြီးသား ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ကဆက်ပြီး အကောင်အထည်ဖော်မယ့် အချိန်ကျရင် တရုတ်-မြန်မာစီးပွားရေး စြင်္ကံခေါင်းစဉ်အောက်က လုပ်ငန်းတွေဟာ ကြီးမားတဲ့ စီမံကိန်းတွေ ဖြစ်လာမှာပါ။ နှစ်နိုင်ငံ ဆက်လက်လုပ်ဆောင်ရမယ့် စီမံကိန်းတွေဖြစ်ပြီး ကြီးမားတဲ့ လုပ်ငန်းစီမံကိန်းတွေနဲ့ ပတ်သက်ပြီး MoU ရေးထိုးပြီးချိန်မှာ ကျွန်တော်တို့ ပြည်သူတွေသိရှိအောင် ကျွန်တော်တို့နိုင်ငံက ဆောင်ရွက်မယ့်လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ အတိအကျတင်ပြပေးသွားမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်လာချိန်တွင် တရုတ်နိုင်ငံသားများ၏ လူနေမှုအဆင့်မြင့်မားလာခြင်း၊ ဝင်ငွေကောင်းမွန်လာခြင်းကြောင့် ကမ္ဘာအနှံ့သို့ ခရီးသွား သန်းနှင့်ချီထွက်ခွာခြင်းများ ရှိနေချိန်တွင် နေ့ချင်းပြန်သွားလာနိုင်သည့် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွား ငါးသိန်းပင် ဝင်ရောက်ခြင်းမရှိခြင်းနှင့် ထိုသို့ ခရီးသွားများ ဝင်ရောက်ရန် လေဆိပ်များ ကောင်းမွန်မှု မရှိခြင်းအတွက် ရှိပြီးဖြစ်သည့် ဟဲဟိုး၊ မကွေး၊ ပခုက္ကူလေဆိပ်ကဲ့သို့ လေဆိပ်များအား အဆင့်မြှင့်တင်ခြင်းမှာ တရုတ်-မြန်မာ စီးပွားရေး စြင်္ကံစီမံကိန်းအောက်တွင် စီမံကိန်းအသေးစားများအဖြစ် ပါဝင်လာမည်ဖြစ်ကြောင်း ဦးကျော်ဝင်းက ပြောကြားသည် ။

“ဒီလိုလုပ်ငန်းတွေမှာ ပါဝင်ချင်တဲ့ လုပ်ငန်းရှင်တွေက ကျွန်တော်တို့ ဘယ်လိုလုပ်ငန်းတွေမှာ ပူးပေါင်းချင်တယ်ဆိုတာကို တင်ပြလို့ရတယ်။ အားလုံးကို ကျွန်တော်တို့ ဖိတ်တယ်။ လုပ်ချင်တဲ့ပုဂ္ဂိုလ်ကို လုပ်ခွင့်ပေးထားတယ်။ လုပ်ချင်ကိုင်ချင်တဲ့ ပုဂ္ဂိုလ်တွေ လုပ်နိုင်ကိုင် နိုင်သမျှအားလုံးကို ပါဝင်ခွင့်ပေးထားတယ်။ ကျွန်တော်တို့ကတော့ ခင်ဗျားက ဒီမှာလုပ်၊ ခင်ဗျားက ဟိုမှာလုပ် ဝင်ပြီးတော့ မစီမံ၊ မခန့်ခွဲဘူး။ ကိုယ့်ရဲ့ စွမ်းရည်၊ စွမ်းအားနဲ့ လုပ်ဆောင်နိုင်တဲ့ လုပ်ငန်းမှန်သမျှကို ကိုယ်တစ်ဦးတည်း ရာနှုန်းပြည့်မြှုပ်နှံတာပဲဖြစ်ဖြစ်၊ သို့တည်းမဟုတ် တရုတ်ပြည်က လုပ်ငန်းရှင်နဲ့ ပေါင်းပြီးတော့ JV လုပ်လို့ရပါတယ်” ဟု ဦးကျော်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံအစိုးရနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရတို့အကြား စီးပွားရေးစြင်္ကံလမ်း တည်ထောင်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ (မူကြမ်း) အတွက် အပြီးသတ်ညှိ နှိုင်းမှုပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလအတွင်း သတင်းထုတ်ပြန်ထားသည်။

ပေကျင်းမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ဧည့်ဂေဟာ၌ကျင်းပသည့် တရုတ်-မြန်မာ စီးပွားရေးစြင်္ကံလမ်း တည်ထောင်ရေးနှင့်စပ်လျဉ်းသည့် ဝန်ကြီးအဆင့် အစည်းအဝေးသို့  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲမှု ကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Ningzizhe (Ministerial Level) နှင့် အတူတက်ရောက် ၍ စီးပွားရေးစြင်္ကံတည်ထောင်ရေးအပေါ် သဘောထားအမြင်များဖလှယ်ကြပြီး ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ စီးပွားရေးစြင်္ကံလမ်း တည်ထောင်ရေးလုပ်ငန်းများအတွက် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ ပုဂ္ဂိုလ်များနှင့် လုပ်ငန်းကော်မတီဖွဲ့စည်း၍ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံအစိုးရနှင့် တရုတ်နိုင်ငံအစိုးရတို့အကြား စီးပွားရေးစြင်္ကံလမ်း တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (မူကြမ်း) အား အပြီးသတ် ညှိနှိုင်းမှုပြုခဲ့ကြောင်း သိရသည်။

“ခြုံပြောရရင် တရုတ်နိုင်ငံက မြန်မာနယ်နိမိတ်ကစပြီး ရန်ကုန်အထိ စြင်္ကံတွေ ဆောက်ဖို့ရှိတယ်။ အဲဒီအထဲမှာ ကဏ္ဍတွေ အများကြီးပါတယ်။ စီးပွားရေးစြင်္ကံလို့ ပြောတဲ့အတွက်ကြောင့် သူက လမ်းသက်သက်၊ အခြေခံအဆောက်အအုံ သက်သက်မဟုတ်ဘူး။ အဲဒီမှာ စြင်္ကံနဲ့ဆက်စပ်ပြီး မြို့ပြတွေ ပေါ်လာတာရှိမယ်။ စိုက်ပျိုးရေးဇုန်တွေ ပေါ်လာတာရှိမယ်၊ စက်မှုဇုန်တွေ ပေါ်လာတာရှိမယ်၊ နောက်ပြီး အိုင်တီနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ ပေါ်လာတာရှိမယ်။ ကုန်သွယ်မှုနဲ့ ဆက်စပ်ပြီး Logistics ပေါ့၊ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေ ပေါ်လာတာရှိမယ်။ နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်တာတွေ ခရီးသွားကဏ္ဍနဲ့ ပတ်သက်တာတွေ ပါလာတာရှိမယ်။ ခြုံပြောရရင်တော့ OBOR ရဲ့ခေါင်းစဉ်အောက်ထဲမှာ တရုတ်-မြန်မာ စီးပွားရေးစြင်္ကံ တည်ဆောက်သွားဖို့ရှိတယ်။ အဲဒါကို ပြီးခဲ့တဲ့လမှာ ပြည်ထောင်စုဝန်ကြီးဦးဆောင်ပြီး သွားပါတယ်။ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်းတာအားလုံး ပြီးပြတ်တဲ့အဆင့်ပေါ့၊ လက်မှတ်ထိုးတဲ့အဆင့်ကိုတော့ မရောက်သေးဘူး။ နှစ်နိုင်ငံ အကြီးအကဲတွေ ဆက်လက်ညှိနှိုင်းပြီးတော့မှ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

Most Read

Most Recent