ထိုင်းနိုင်ငံတွင် ဧပြီ ၁ ရက်မှ စတင်အသက်ဝင်သည့် အနိမ့်ဆုံး လုပ်အားခ ဥပဒေသစ်အရ မြန်မာလုပ်သားများ အနေဖြင့် အနိမ့်ဆုံး ၃၀၈ ဘတ်မှ အများဆုံး ၃၃၀ ဘတ်အထိ ရရှိမည်

ထိုင်းနိုင်ငံတွင် ဧပြီ ၁ ရက်မှ စတင်အသက်ဝင်သည့် အနိမ့်ဆုံး လုပ်အားခ ဥပဒေသစ်အရ မြန်မာလုပ်သားများ အနေဖြင့် အနိမ့်ဆုံး ၃၀၈ ဘတ်မှ အများဆုံး ၃၃၀ ဘတ်အထိ ရရှိမည်
Published 3 April 2018

ထိုင်းနိုင်ငံသို့ သွားရောက်သည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား တွေ့ရစဉ်

ထိုင်းနိုင်ငံတွင် ဧပြီ ၁ ရက်မှစပြီး ၂၀၁၈ ခုနှစ် အနိမ့်ဆုံး လုပ်အားခ ဥပဒေသစ်အရ ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် အနိမ့်ဆုံး ၃၀၈ ဘတ်မှ အများဆုံး ၃၃၀ ဘတ် အထိ ရရှိကြမည်ဖြစ်ကြောင်း ထိုင်းအနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ထုတ်ပြန်ခဲ့သည်။

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ စတင်အသက်ဝင်ခဲ့သည့် အဆိုပါ ဥပဒေသစ်အရ ထိုင်းနိုင်ငံ၏ အနိမ့်ဆုံး တစ်ရက်လုပ်အားခမှာ ခရိုင်များပေါ်မူတည်ပြီး ယခင်လုပ်အားခ၏ နှစ်ရာခိုင်နှုန်းမှ ခုနစ်ရာခိုင်နှုန်းထိ တိုးပေးလိုက်ခြင်းဖြစ်ပြီး ရွှေ့ပြောင်းမြန်မာလုပ်သား အများဆုံးရှိသည့် ခရိုင်ကြီး ၁၀ ခရိုင်တို့တွင် တစ်ရက်လျှင် ဘတ် ၃၂၅မှ ၃၃၀ အထိ (မြန်မာငွေဖြင့် ကျပ် ၁၃၅၀၀ ခန့်) ရရှိ ကြမည်ဖြစ်သည်။

ရွှေ့ပြောင်းမြန်မာလုပ်သား အများဆုံး တည်ရှိသည့် ခရိုင်များမှာ ဘန်ကောက်၊ နခွန် ပထုန်၊ ပထုန်ဌာနီ၊ နွန်ထပူရီ၊ ဆမွတ်ပရာကန်၊ ဆမွတ်ဆာခွန်၊ ချချိုင်းဆောင်၊ ဖူးခက်၊ချွန်ပူရီနှင့် လယောင်းတို့ ဖြစ်သည်။ သို့သော် ရွှေ့ပြောင်းမြန်မာ လုပ်သားများ အနေဖြင့် ရရှိခံစားရန် မလွယ်ကူဘဲ အချို့မှန်ကန်သည့် လုပ်ငန်းရှင်များကသာ ပေးဖွယ်ရှိသည်ဟု မြန်မာလုပ်သားများအား ကူညီပေးနေသည့် AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောကြားသည်။

“တစ်ရက်လုပ်အားခတွေ စတင်တိုးတာက ဒီလ ဧပြီ ၁ ရက်ကစပါပြီ။ အလုပ်သမားတွေအနေနဲ့ ကိုယ်နေထိုင် အလုပ်လုပ်ကိုင်တဲ့ နေရာဒေသပေါ် မူတည်ပြီး တစ်ရက်လုပ်အားခ ၃၀၈ ဘတ်ကနေ ၃၃၀ ဘတ်အထိ ရရှိကြမှာပါ။ ဒါပေမဲ့ မြန်မာလုပ်သားတွေ အများစုကတော့ ရရှိမယ့်ပုံတော့ မပေါ်ပါဘူး။ တချို့မှန်ကန်တဲ့ အလုပ်ရှင်တွေပဲ ပေးလိမ့်မယ်လို့ ကျွန်တော်ကတော့ သုံးသပ်တယ်။ အရင်လိုပဲ လုပ်အားခ ခေါင်းပုံဖြတ်တဲ့ ပြဿနာတွေ ရှိနေဦးမှာတော့ သေချာပါတယ်” ဟု AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောကြားသည်။

ထိုင်းနိုင်ငံအတွင်း လုပ်ငန်းရှင် အများအပြားမှာ အထောက်အထား အပြည့်အစုံ မရှိသူများ၊ တရားမဝင် အလုပ်သမားများကို ပိုမိုသဘောကျ နှစ်ခြိုက်လေ့ရှိပြီး ၎င်းအလုပ်သမားများအား လုပ်အားခ ခေါင်းပုံဖြတ်ခြင်း အပါအဝင် အခြားအလုပ်သမား အခွင့်အရေးများကို ဥပဒေအတိုင်း မပေးဘဲ နေလေ့ရှိသည်။

ထိုင်းနိုင်ငံတွင် အသစ်ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲရေး အက်ဥပဒေအရ တရားမဝင် အလုပ်သမားများကို ထောင်ဒဏ် ငါးနှစ်ဖြစ်စေ၊ ဘတ်နှစ်ထောင်မှ တစ်သိန်းထိ ဒဏ်ငွေဖြစ်စေ ချမှတ်နိုင်ပြီး တရားမဝင် အလုပ်သမား ခိုင်းစေသည့် အလုပ်ရှင်အား  ဒဏ်ငွေ ဘတ်လေးသိန်းမှ ရှစ်သိန်းအထိ ချမှတ်နိုင်သည်။

 

Most Read

Most Recent