သုံးရက်ကြာ ကျင်းပခဲ့သည့် မိုးကုတ်မြို့ နှစ် (၈၀၀) ပြည့်ပွဲတော် ပိတ်ပွဲအခမ်းအနားပြုလုပ်

သုံးရက်ကြာ ကျင်းပခဲ့သည့် မိုးကုတ်မြို့ နှစ် (၈၀၀) ပြည့်ပွဲတော် ပိတ်ပွဲအခမ်းအနားပြုလုပ်
Published 1 April 2018

သုံးရက်ကြာ ကျင်းပခဲ့သည့် မိုးကုတ်မြို့ နှစ် (၈၀၀) ပြည့်ပွဲတော် ပိတ်ပွဲအခမ်းအနားပြုလုပ်စဉ်

သုံးရက်ကြာကျင်းပခဲ့သည့် မိုးကုတ်မြို့ နှစ် (၈၀၀) ပြည့်ပွဲတော် ပိတ်ပွဲအခမ်းအနားကို မတ် ၃၁ ရက်က ပြုလုပ်ခဲ့ကြသည်။

မိုးကုတ်မြို့ နှစ် (၈၀၀) ပြည့် နောက်ဆုံးရက်ဖြစ်သည့် မတ် ၃၁ ရက်၌ နံနက်အစီအစဉ်များတွင် ညောင်သုံးပင်ဆရာတော်နှင့် စမတောင်ဆရာတော်တို့ဦးစီး၍ စေတနာရှင်အလှူရှင်များက သံဃာတော်အပါး ၁၀၀၀ ကို ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြသည်။ ယင်းနောက် တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ကြပြီး ပွဲတော်ကျင်းပရေးကော်မတီမှ ပွဲတော်ဖြစ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ခဲ့ကြသည့် စေတနာရှင်၊ အလှူရှင်များကို ဂုဏ်ပြုလွှာများပေးအပ်ခြင်း၊ ကံစမ်းမဲဖောက်ပေးခြင်းများနှင့် ညပိုင်းတွင် တေးသီချင်းဖျော်ဖြေခြင်း၊ Fashion Show အစီအစဉ်များ ပြုလုပ်ခဲ့ပြီး ပွဲတော်ကို ပိတ်သိမ်းခဲ့သည်။

“ဒီနေ့ကတော့ မနက်ပိုင်းမှာ သံဃာတော်အပါး ၁၀၀၀ ကို ဆွမ်းဆန်စိမ်းလောင်းလှူပြီး မနက်ပိုင်းအစီအစဉ်ရပ်နားပြီး ညနေ ၄ နာရီမှာ အခမ်းအနားအစီအစဉ်တွေ ဆက်တိုက်ပြန်စခဲ့ပါတယ်။ ပွဲတော်ဖြစ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ခဲ့ကြတဲ့ စေတနာရှင်အလှူရှင်တွေကို ဂုဏ်ပြုလက်မှတ်ပေးပါတယ်။ ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ ဆက်လက်ဖျော်ဖြေသွားမှာပါ။ မိုးကုတ် နှစ် (၈၀၀) ပြည့်ပွဲတော်ကြီးကို ပြည်တွင်းခရီးသွားတွေအပြင် နိုင်ငံခြားသားခရီးသွားတွေပါ လာရောက်လည်ပတ်ခဲ့ကြတယ်။ မြို့သူမြို့သားတွေလည်း ပွဲတော်ကြီးမှာ ပျော်ရွှင်စွာဆင်နွှဲခဲ့ကြတယ်။ ပွဲတော်ကြီးအောင်မြင်စွာ ပြီးဆုံးသွားတဲ့အတွက် ဝမ်းသာသလို မြို့အတွက်လည်း ဂုဏ်ယူပါတယ်။ မိုးကုတ်မြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားသားခရီးသွားတွေကို ဝင်ရောက်ခွင့်ပြုဖို့အတွက် အရင်ကတည်းက တောင်းဆိုခဲ့တာပါ။ အခု မိုးကုတ်မြို့ကို နိုင်ငံခြားသားခရီးသွားတွေ ဝင်ထွက်သွားလာခွင့်ရဖို့ ကြိုးစားနေတယ်ဆိုတော့ ဝင်ထွက်သွားလာခွင့် ရလာပြီဆိုရင် မိုးကုတ်မြို့ဟာ အခုထက် ပိုမိုပြီးဖွံ့ဖြိုးတိုးတက်လာမှာပါ” ဟု မိုးကုတ်မြို့ နှစ် (၈၀၀) ပြည့်ပွဲတော်ကျင်းပရေး ကော်မတီအတွင်းရေးမှူး (မိုးကုတ်) မှ ဒေါ်ခင်အုန်းမြင့်က ပြောကြားသည်။

မိုးကုတ်မြို့ နှစ် (၈၀၀) ပြည့်ပွဲတော်ကို မတ် ၂၉ ရက်မှ ၃၁ ရက်အထိ သုံးရက်ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစီအစဉ်ပေါင်းများစွာဖြင့် ကျင်းပခဲ့သည်။ ဖွင့်ပွဲစတင်ကျင်းပသည့်နေ့တွင် အနုပညာရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များအပြင် ပွဲတော်ကာလအတွင်း မိုးကုတ်မြို့၏ သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ ပတ္တမြားနှင့် ဓာတ်သတ္တုထွက်ရှိရာတွင်းများ၏ တည်နေရာပြမြေပုံနှင့် ပုံစံငယ်များ အစရှိသည့် မိုးကုတ်မြို့နှင့်သက်ဆိုင်သည့် မှတ်တမ်းများအား ခင်းကျင်းပြသခဲ့သည်။ မတ် ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ဖျော်ဖြေရေးအစီအစဉ်များ အပါအဝင် စုစုပေါင်းသံဃာတော်အပါး ၃၅၀၀ ဝန်းကျင်ခန့်ကို ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြသည်။ မိုးကုတ်မြို့ နှစ် (၈၀၀) ပြည့်ပွဲတော်ကာလအတွင်း မြို့ခံများနှင့်ကုမ္ပဏီများက စတုဒိသာကျွေးမွေးမှုများလည်း ပြုလုပ်ခဲ့ကြသည်။

“ကျွန်တော်တို့မြို့ကို နိုင်ငံခြားသားခရီးသွားဧည့်သည်တွေ အမြဲတမ်းလာရောက်ခွင့် ပြုပေးသွားမယ်ဆိုရင် မိုးကုတ်မြို့အတွက် ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်သလို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေလည်း ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ နောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေပါ ရရှိမှာဖြစ်တဲ့အတွက် နိုင်ငံခြားသားခရီးသွားဧည့်သည်တွေ ဝင်ရောက်ခွင့်ရရှိဖို့အတွက်ကို ကြိုဆိုပါတယ်။ မိုးကုတ်မြို့ နှစ် (၈၀၀) ပြည့်ပွဲတော် အောင်မြင်အောင် ကူညီပေးခဲ့ကြတဲ့သူ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဟု မိုးကုတ်မြို့နှစ် (၈၀၀) ပြည့်ပွဲတော်ကျင်းပရေးကော်မတီ (မိုးကုတ်) မှ ပြန်ကြားရေးတာဝန်ခံ ဦးမင်းသူရက ပြောကြားသည်။

ပွဲတော်ကျင်းပရာ သုံးရက်အတွင်း လာရောက်သည့် ပြည်တွင်းခရီးသွားဧည့်သည် သောင်းဂဏန်းအထက်ရှိခဲ့ပြီး ကားလက်မှတ်ဈေးနှုန်းများပါ မြင့်တက်သွားခဲ့ပြီး မြို့အတွင်းရှိ တည်းခိုခန်းနှင့် ဟိုတယ်အခန်းများမှာ တည်းခိုသူများပြားခဲ့သည်။ ထို့ပြင် မိုးကုတ်မြို့ နှစ် (၈၀၀) ပြည့်ပွဲတော် အထိမ်းအမှတ်အဖြစ် နိုင်ငံခြားသားခရီးသွားဧည့်သည် ၁၆၀ ကျော်အား ပွဲတော်ရက်သုံးရက်အတွင်း အကန့်အသတ်ဖြင့် အစိုးရက လာရောက်လည်ပတ်ခွင့်ပြုပေးခဲ့သည်။

Most Read

Most Recent