မန္တလေး မြို့သာစက်မှုဥယျာဉ်စီမံကိန်းတွင် တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် Gold AYA Mortors International Group ကုမ္ပဏီ၏ မော်တော်ကားထုတ်လုပ်သည့် စက်ရုံစတင်တည်ဆောက်လျက်ရှိပြီး ခုနစ်လအတွင်း ကားသစ်များ စတင်ထုတ်လုပ်ရောင်းချမည်

မန္တလေး မြို့သာစက်မှုဥယျာဉ်စီမံကိန်းတွင် တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် Gold AYA Mortors International Group ကုမ္ပဏီ၏ မော်တော်ကားထုတ်လုပ်သည့် စက်ရုံစတင်တည်ဆောက်လျက်ရှိပြီး ခုနစ်လအတွင်း ကားသစ်များ စတင်ထုတ်လုပ်ရောင်းချမည်
Published 1 April 2018

Gold AYA Mortors International Group ကုမ္ပဏီ၏ မော်တော်ကားထုတ်လုပ်သည့်စက်ရုံ ပန္နက်တင်အခမ်းအနား ပြုလုပ်စဉ်

မြေဧကတစ်သောင်းကျော်တွင် ဘီလျံ ၁၅၀ ကျော် ရင်းနှီးမြှုပ်နှံအကောင်အထည်ဖော်နေသည့် မန္တလေး မြို့သာစက်မှုဥယျာဉ်စီမံကိန်းအတွင်း၌ တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် Gold AYA Mortors International Group ကုမ္ပဏီ၏ မော်တော်ကားထုတ်လုပ်သည့်စက်ရုံကို မတ် ၂၈ ရက်က ပန္နက်တင်အခမ်းအနားပြုလုပ်ကာ စတင်တည်ဆောက်လျက်ရှိပြီး ခုနစ်လအတွင်း စက်ရုံလည်ပတ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြို့သာစက်မှုဥယျာဉ်စီမံကိန်းအတွင်း၌ လက်ရှိအချိန်တွင် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံ လည်ပတ်နေသည့် စက်ရုံခုနစ်ရုံရှိနေပြီး ယခုနှစ်အတွင်း စက်ရုံပေါင်း ၁၀၀ ကျော်ရှိလာမည်ဖြစ်ကြောင်း မြို့သာစက်မှုဥယျာဉ်စီမံကိန်းဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်ထံမှ သိရသည်။

“ပြည်ပရင်းနှီးမြှုပ်နှံမှုက ၁၀ နိုင်ငံ ၁၁ နိုင်ငံလောက်ရှိပြီ။ ၂၀၁၈ မကုန်ခင်လောက်ဆို စက်ရုံပေါင်း ၁၀၀ အထက်မှာ လည်ပတ်နိုင်ဖို့ရှိတယ်။ ကားစက်ရုံတွေပါမယ်။ အထည်ချုပ်စက်ရုံတွေ၊ လျှပ်စစ်ပစ္စည်း ထုတ်လုပ်တဲ့စက်ရုံတွေ၊ ဖိနပ်စက်ရုံတွေ စသဖြင့် တော်တော်များပါတယ်။ အခုလောလောဆယ်မှာတော့ သြဂုတ်လလောက်ဆိုရင် စက်ရုံပေါင်းအလုံး ၃၀ လောက် ပေါ်ထွက်လာတော့မှာပါ။ ကျွန်တော့်ကို ဒီကဒေသခံတချို့က မေးတယ်။ သူတို့တွေရော ကိုယ်ပိုင်ကားစီးခွင့်ရမှာလားတဲ့။ ဒီတော့ ကျွန်တော်ကပြောလိုက်တယ်။ စီးရမှာပေါ့။ ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ ထောက်ခံပေးပြီး တစ်လကို ငွေနည်းနည်းနဲ့ အရစ်ကျဆယ့်ငါးနှစ်လောက်နဲ့ ရောင်းပေးနိုင်အောင် စီစဉ်မယ်။ ဒါဆိုရင် ဒီမှာရှိတဲ့ အလုပ်ကြိုးစားသူတိုင်း ကိုယ်ပိုင်ကားစီးခွင့်ရမယ်” ဟု ဦးအောင်ဝင်းခိုင်က ပြောကြားသည်။

Gold AYA Mortors International Group Co.,Ltd မှ Dodae နှင့် Gold AYA တံဆိပ်ကားများကို ခုနစ်လအတွင်း စက်ရုံကို တည်ဆောက်လည်ပတ်သွားမည်ဖြစ်ပြီး အိမ်သုံးကားများ၊ SUV၊ MPV၊ ရုံးသုံးကားများ၊ ထရပ်ကားများ၊ အထူးမော်တော်ယာဉ်များနှင့် Bettery မော်တော်ကားများ အစရှိသည့် ကားအမျိုးအစား ခုနစ်မျိုးနှင့် Model အသစ် ၁၀ မျိုးကို ထုတ်လုပ်ရန်စီစဉ်ထားကြောင်းသိရပြီး ထုတ်လုပ်ရောင်းချခြင်း၊ ဝန်ဆောင်မှုပေးခြင်း၊ ဘဏ်နှင့်ချိတ်ဆက်ပြီး မော်တော်ကားရောင်းချခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု သိရသည်။

လက်ရှိအချိန်တွင် မြို့သာစက်မှုဥယျာဉ်စီမံကိန်းအတွင်း ရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် ပတ်သက်၍ “လည်ပတ်နေတဲ့ စက်ရုံခုနစ်ရုံရှိပါပြီ။ တည်ဆောက်ဆဲအဆင့်မှာတော့ စက်ရုံ ၃၀ လောက်ရှိပါမယ်။ ထပ်ဝင်လာဖို့ စာချုပ်ချုပ်ဆိုထားပြီး ဒီဇိုင်းဆွဲနေတဲ့ စက်ရုံတွေနဲ့ စိတ်ဝင်စားကြောင်းပြသတဲ့ နိုင်ငံ ၁၀ နိုင်ငံလောက်ရှိပါတယ်။ နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ ထိုင်း၊ တရုတ်၊ ဂျပန်၊ နယ်သာလန်၊ ဟောင်ကောင်၊ သြစတြေးလျနဲ့ အာရှနိုင်ငံတွေပါပါတယ်” ဟု မြို့သာစက်မှုဥယျာဉ်စီမံကိန်း မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာထွန်းထွန်းအောင်က ပြောကြားသည်။

“လတ်တလောမှာ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားတဲ့ အင်ဒိုနီးရှားက JAPHA အစာစပ်စက်ရုံက ၂၀၁၅ ခုနှစ်ကတည်းက စတင်လည်ပတ်နေပြီး အခုထပ်တိုးအနေနဲ့ မြေဧက ၅၂ ဧကမှာ အလုပ်ရုံ ၁၂ ရုံ တည်ဆောက်နေတယ်။ အဲဒီစက်ရုံတွေက မေ၊ ဇွန်လောက်မှာ ပြီးသွားမှာဖြစ်ပါတယ်။ နောက်တစ်ရုံကတော့ ဟောင်ကောင်ကနေ ၁၀၀ ရာခိုင်နှုန်းလည်ပတ်နေတဲ့ သစ်ပါးလွှာစက်ရုံပါ။ လုပ်ငန်းလည်ပတ်နေတာ နှစ်နှစ်ရှိပါပြီ။ နောက်ထပ်ကတော့ တရုတ်နိုင်ငံသား လုပ်ငန်းရှင်နဲ့ မြန်မာနိုင်ငံသားဖက်စပ်လုပ်ကိုင်နေတဲ့ ဘီစကစ်စက်ရုံရှိပါတယ်။ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ ကွန်ကရစ်ဓာတ်တိုင်စက်ရုံလည်းရှိပြီး အခုနောက်ဆုံး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ မြေဧက ၃၁၃ ဧကပေါ်မှာ ဒေါ်လာ ၃၉၉ သန်းရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတစ်ခုဝင်လာပါပြီ” ဟု ဒေါက်တာထွန်းထွန်းအောင်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ရှိ မြို့သာစက်မှုဥယျာဉ်နှင့် ဆီမီးခုံဧရာဝတီဆိပ်ကမ်းစီမံကိန်းမှာ ၂၀၁၂ ခုနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် အများပိုင်ကုမ္ပဏီအဖြစ် အစုရှယ်ယာများ ရောင်းချပေးခဲ့ကာ လက်ရှိတွင် အစုရှယ်ယာ ၁၃ သန်းကျော် ရောင်းချထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ မန္တလေး မြို့သာစက်မှုဥယျာဉ် စီမံကိန်းအတွင်း ရင်းနှီးမြှုပ်နှံသည့် စက်ရုံအလုပ်ရုံများမှာ အခွန်ကောက်ခံမှုကင်းလွတ်ခွင့် ခုနစ်နှစ်ရရှိထားပြီး လတ်တလောတွင် ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံဝင်ရောက်မှု နည်းပါးနေသေးသော်လည်း ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ ၆၄ ဘီလျံနှင့် စီမံကိန်းမြေရောင်းချရမှုမှာ ၂၅ ဒသမ ၅၆ ဘီလျံသာရှိသေးကြောင်း မြို့သာစက်မှုဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် ၂၀၁၆-၁၇ နှစ်ပတ်လည်စာရင်းများတွင် ဖော်ပြထားသည်။

Most Read

Most Recent