ရွှေ့ပြောင်းနေထိုင်သူများအတွက် ကျန်းမာရေးဆိုင်ရာ မူဝါဒတစ်ရပ် ပေါ်ထွက်လာစေရေး ကျန်းမာရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပြောင်းရွှေ့နေထိုင်သူများဆိုင်ရာအဖွဲ့အစည်း (IOM) တို့ ပူးပေါင်းလုပ်ဆောင်မည်

ရွှေ့ပြောင်းနေထိုင်သူများအတွက် ကျန်းမာရေးဆိုင်ရာ မူဝါဒတစ်ရပ် ပေါ်ထွက်လာစေရေး ကျန်းမာရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပြောင်းရွှေ့နေထိုင်သူများဆိုင်ရာအဖွဲ့အစည်း (IOM) တို့ ပူးပေါင်းလုပ်ဆောင်မည်
Published 30 March 2018

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ရစဉ်

ရွှေ့ပြောင်းနေထိုင်သူများအတွက် ကျန်းမာရေးဆိုင်ရာမူဝါဒတစ်ရပ် ပေါ်ထွက်လာစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ပြောင်းရွှေ့နေထိုင်သူများဆိုင်ရာ အဖွဲ့အစည်း (International Organization for Migration-IOM) တို့ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မတ် ၂၆ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် IOM အဖွဲ့မှ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Dr.Maria Nenette Motus ဦးဆောင်သောအဖွဲ့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဆွေးနွေးမှုတွင် ရွှေ့ပြောင်းနေထိုင်သူများအတွက် ကျန်းမာရေးဆိုင်ရာမူဝါဒတစ်ရပ် ပေါ်ထွက်လာရေးအပါအဝင် IOM အဖွဲ့နှင့် ရေးထိုးထားသော လက်ရှိနားလည်မှုစာချွန်လွှာတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ မြို့နယ်အချို့ ထပ်မံပါဝင်နိုင်ရေး၊ လက်ရှိ နားလည်မှုစာချွန်လွှာအား သက်တမ်းတိုးရာ၌ မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်များတွင် ရွှေ့ပြောင်းလုပ်သားများ၏ ကျန်းမာရေးလုပ်ငန်းများ ယခုထက်ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ IOM အဖွဲ့မှ အာဆီယံနိုင်ငံများအဆင့်တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ရွှေ့ပြောင်းလုပ်သားများ၏ ကျန်းမာရေးဆိုင်ရာ လုံခြုံစိတ်ချရမှုနှင့် နိုင်ငံဖြတ်ကျော် ကူးစက်တတ်သောရောဂါများ ကင်းဝေးနိုင်ရေး ဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံမှ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် တုပ်ကွေးရောဂါ ကမ္ဘာ့ကပ်အသွင်ဖြစ်ပွားမှုဆိုင်ရာ တုံ့ပြန်ရေးစီမံချက်ကို ရေးဆွဲလုပ်ဆောင်လျက်ရှိပြီး အသစ်ပြန်လည်ရေးဆွဲထားသည့် ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဥပဒေကိုလည်း အတည်ပြုပြဋ္ဌာန်းနိုင်ရန် စီစဉ်နေကြောင်း၊ ၂၀၁၂ ခုနှစ် ကမ္ဘာ့ကျန်းမာရေးညီလာခံက ကမ္ဘာ့ကျန်းမာရေး အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက် (၂၀၀၅) နှင့်အညီ နိုင်ငံအလိုက် ပြည်သူ့ကျန်းမာရေးလုပ်ငန်း ဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကြိုတင်ပြင်ဆင်ကြရန်၊ နိုင်ငံအလိုက် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ရန် တိုက်တွန်းထားကြောင်း၊ သဘာဝဘေး (သို့မဟုတ်) လူနှင့် တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများအား ကာကွယ်ထိန်းချုပ်တုံ့ပြန်နိုင်ရေးအတွက် ကမ္ဘာတစ်ဝန်း ကျန်းမာရေးဆိုင်ရာလုံခြုံစိတ်ချမှု အစီအစဉ်အား ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ချမှတ်ဆောင်ရွက်ထားကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ကူးစက်ရောဂါ ကာကွယ်စောင့်ကြည့်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းများအား ပြန်လည်ဆန်းစစ်လေ့လာခြင်း Joint External Evaluation လုပ်ငန်းကို ၂၀၁၇ ခုနှစ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အရှေ့တောင်အာရှနိုင်ငံများအနက် မြန်မာနိုင်ငံသည် Joint External Evaluation လုပ်ငန်းကို တတိယမြောက် ဆောင်ရွက်နိုင်ခဲ့သောလုပ်ငန်းဖြစ်ပြီး ပြည်သူ့ကျန်းမာရေး အရေးပေါ်ကိစ္စရပ်များ ကာကွယ်စောင့်ကြည့်တုံ့ပြန်ရေး အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို ပထမဆုံးရေးဆွဲနိုင်ခဲ့သော နိုင်ငံဖြစ်ကြောင်း၊ ယခုစီမံချက်အား လုပ်ဆောင်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် နှီးနွှယ်ဝန်ကြီးဌာနများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများအားလုံး လက်တွဲပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ကူးစက်ရောဂါအသစ်များ၊ ပြန်လည်ခေါင်းထောင်လာသော ကူးစက်မြန်ရောဂါများအပါအဝင် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ငါးနှစ်စီမံကိန်း ရေးဆွဲလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent