စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ မြို့အချို့တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေသောကြောင့် အမြန်ရေယာဉ် ပြေးဆွဲမှု ငါးရက်ကြာ ရပ်နားမည်

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ မြို့အချို့တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေသောကြောင့် အမြန်ရေယာဉ် ပြေးဆွဲမှု ငါးရက်ကြာ ရပ်နားမည်
Published 16 August 2017

စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး အထက်ပိုင်းရှိ မြို့အချို့တွင် ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ် အထက်တွင် ရောက်ရှိနေသောကြောင့် အမြန်ရေယာဉ်ပြေးဆွဲမှု ငါးရက်ကြာ ရပ်နားသွားမည်ဖြစ်ကြောင်း ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီရုံးမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသရှိ ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်မြို့နယ်တို့တွင် စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိနေကြောင်း ဖောင်းပြင်မြို့နယ်တို့တွင် နောက်ထပ်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာမည် ဖြစ်သောကြောင့် ယင်းကဲ့သို့ အမြန်ရေယာဉ်ပြေးဆွဲမှု ရပ်နားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ရစက ရုံးမှာလည်း တရားဝင်ကြေညာပေးပြီးပါပြီ။ သြဂုတ် ၁၆ ရက်ကနေ သြဂုတ် ၂၀ ရက်အထိ ပိတ်ထားတယ်။ ပိတ်ထားတဲ့ အတောအတွင်းမှာ ရေကျရင် ပြန်ပြေးဆွဲဖို့ ပြန်ဆုံးဖြတ်ပါမယ်။ အထက်က ခန္တီးနဲ့ ဟုမ္မလင်းမှာ ရေကြီးနေတယ်။ အဲဒီနှစ်မြို့ကတော့ စိုးရိမ်ရေမှတ်အထက် ကျော်နေပြီ။ အထက်ကလည်း ရေကျတယ်။ ကျွန်တော် မုံရွာမှာလည်း စိုးရိမ်ရေအမှတ်အောက် ဆိုရင်တော့ ပြေးဆွဲခွင့် ပြန်ဆုံးဖြတ်မယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးညွန့်ထွန်းက ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ချင်းတွင်းမြစ်ရေ ကြီးခဲ့သည့်အတွက် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာနှင့် ဆားလင်းကြီးမြို့နယ်တို့တွင် ရေဘေးဒုက္ခသည် ခုနစ်သောင်းအထိ ရှိခဲ့ပြီး အစိုးရ စာသင်ကျောင်းပေါင်း ၃၀၀ ကျော်နီးပါးလည်း ရက် ကြာမြင့်စွာ ပိတ်ခဲ့ရကြောင်း သိရသည်။

ထို့အတူ ဇူလိုင်လအတွင်းက ချင်းတွင်းမြစ်ရေ ကြီးခဲ့သည့်အတွက် မုံရွာမြို့မှ အထက်ပိုင်းမြို့များဆီသို့ ပြေးဆွဲနေသည့် အမြန်ရေယာဉ်များလည်း ပြေးဆွဲမှု ရက်ပေါင်းများစွာ ပိတ်ခဲ့ရကြောင်း သိရသည်။

သြဂုတ်လတွင် ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် ၁၃၆၀ စင်တီမီတာ ရောက်ရှိနေ ပြီး စိုးရိမ်ရေမှတ် ၁၅၁၃ စင်တီမီတာအထက် သို့ ရောက်ရှိနေကြောင်း၊ ဟုမ္မလင်းမြို့၏ စိုး ရိမ်ရေမှတ် ၂၉၀၀ စင်တီမီတာဖြစ်ပြီး စိုးရိမ် ရေမှတ်အထက် ၂၉၇၅ စင်တီမီတာသို့ ရောက် ရှိနေကြောင်း သိရသည်။

ဖောင်းပြင်မြို့၏ စိုးရိမ်ရေမှတ် ၁၃၂၅ စင်တီမီတာဖြစ်ပြီး စိုးရိမ်ရေမှတ်အောက် ၁၃၁၉ စင်တီမီတာသို့ ရောက်ရှိနေကြောင်း၊ မော်လိုက်မြို့၏ စိုးရိမ်ရေမှတ်သည် ၁၂၃၀ စင်တီမီတာဖြစ်ပြီး စိုးရိမ်ရေမှတ်အောက် ၁၁၈၂ စင်တီမီတာသို့ ရောက်ရှိနေကြောင်း၊ ကလေးဝမြို့၏ စိုးရိမ်ရေမှတ်သည် ၁၅၅၀ စင်တီမီတာဖြစ်ပြီး စိုးရိမ်ရေမှတ်အောက် ၁၄၁၈ စင်တီမီတာသို့ ရောက်ရှိနေကြောင်း သိရသည်။

မင်းကင်းမြို့၏ စိုးရိမ်ရေမှတ်သည် ၁၃၅၀ စင်တီမီတာဖြစ်ပြီး စိုးရိမ်ရေမှတ်အောက် ၁၂၄၂ စင်တီမီတာသို့ ရောက်ရှိနေကြောင်း၊ ကနီမြို့၏ စိုးရိမ်ရေမှတ်သည် ၁၂၇၀ စင်တီ မီတာဖြစ်ပြီး စိုးရိမ်ရေမှတ်အောက် ၁၀၃၆ စင်တီမီတာသို့ ရောက်ရှိနေကြောင်း မုံရွာမြို့၏ စိုးရိမ်ရေမှတ်သည် ၁၀၀၀ စင်တီမီတာဖြစ်ပြီး စိုးရိမ်ရေမှတ်အောက် ၉၀၃ စင်တီမီတာ သို့ ရောက်ရှိနေကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent