ဝန်းသိုမြို့နယ်တွင် ကျေးရွာပေါင်း ၁၂ ရွာကျော် သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေကြောင်း တိုင်းဒေသကြီး လွှတ်တော်အမတ် ပြောကြား

ဝန်းသိုမြို့နယ်တွင် ကျေးရွာပေါင်း ၁၂ ရွာကျော် သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေကြောင်း တိုင်းဒေသကြီး လွှတ်တော်အမတ် ပြောကြား
Published 27 March 2018

ဝန်းသိုမြို့နယ် ကျေးရွာတစ်ရွာရှိ ရေတွင်းတွင် ဒေသခံများ သောက်သုံးရေ လာရောက်သယ်ဆောင်နေစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ်တွင် ကျေးရွာပေါင်း ၁၂ ရွာကျော်မှာ သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေကြောင်း ဝန်းသိုမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးက ပြောကြားသည်။

ဒေသခံများ သောက်သုံးရေအဖြစ် အသုံးပြုနေကြသည့် လက်ယက်ရေတွင်းများသည် နွေရာသီကာလ၌ ရေခန်းခြောက်လုနီးပါး ဖြစ်နေကြောင်း ယခင်ကယင်းမြို့နယ်ရှိ ဒေသခံများသည် စက်ရေတွင်းတူးဖော်ကာ သောက်သုံးရေအဖြစ် အသုံးပြုနေရာမှ ယင်းစက်ရေတွင်းများသည်လည်း ရေခန်းခြောက်လုနီးပါး ဖြစ်ပေါ်နေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ရေရှားတယ် ဆိုပေမယ့်လည်း လုံးဝရေရှားသွားတဲ့ အနေအထားတော့ မဟုတ်ဘူး။ အခုကတော့ ရေရှိသေးတယ်။ ရေအခက်အခဲ ဖြစ်နေတဲ့ သဘောပါ။ ဒါပေမဲ့ ရေသယ်ယူရတဲ့ နေရာမှာ အတော်လေး အလှမ်းဝေးကွာနေတဲ့ သဘော။ တစ်မြို့နယ်လုံး အတိုင်းအတာ ဆိုရင်တော့ အားလုံးပေါင်း တစ်ဆယ့်နှစ်ရွာ လောက်တော့ရှိတယ်။ နဂိုတုန်းက သောက်သုံးရေကို ဘယ်လိုဖြေရှင်းသလဲဆိုရင် စက်ရေတွင်းတူးဖော်ပြီး အဲဒီစက်ရေ တွင်းထဲကရေကိုပဲ သုံးရတယ်။ ဒီချိန်ဒီရာသီဆိုရင် စက်တူးတွင်းတွေက ရေခန်းတာလေ။ လုံလောက်တဲ့ သောက်သုံးရေ အပြည့်အ၀ သုံးစွဲလို့မရတဲ့ အနေအထား ဖြစ်နေတာ။ အခုကတော့ ဒေသခံတွေက ရေရနိုင်မယ့် အနီးအနား ပတ်ဝန်းကျင်က တွင်းရေတွေကိုခပ်ပြီးမှ သုံးစွဲနေရတာတွေတော့ ရှိတယ်” ဟု ဝန်းသိုမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးက ဆက်လက်ပြောကြားသည်။

ဝန်းသိုမြို့နယ်ရှိ ကျေးရွာအချို့မှာ နွေရာသီ ရောက်ရှိလာသည့်အတွက် သောက်သုံးရေ လုံလောက်မှု မရှိကြောင်း ယင်းမြို့နယ်တွင် စက်ရေတွင်း၏ ရေထွက်ရာ အောက်ပိုင်းမှာ ကျောက်ခံမြေသား ရှိနေသောကြောင့် လက်ယက်တွင်း တူးဖော်ကာ သောက်သုံးရေ သုံးစွဲနေရကြောင်း ဝန်းသိုမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမင်းလွင်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ ဆီမှာတော့ အခုနွေရာသီရောက်တော့ ကျောက်ခံမြေသားရှိတော့ လက်တူးတွင်းတွေနဲ့ သုံးစွဲရတာဗျာ့။ နွေရောက်တော့ ရေကရှားပါးတဲ့အတွက် လုံလောက်မှု မရှိတာပေါ့ဗျာ။ အခုနောက်ပိုင်း သောက်သုံးရေ ရဖို့အတွက် မြေအောက်ရေတူးတဲ့နေရာမှာ ပေငါးရာလောက်မှရေက တွေ့တယ်ဗျာ။ ချောင်းတွေထဲမှာ လက်ယက်တွင်းတူးဖော်ပြီး သုံးရတာတို့ အခြားကျေးရွာတွေမှာရေရှိရင် အဲဒီကျေးရွာတွေ ဆီကိုသွားပြီး ရေသွားသယ်ပြီးမှ သုံးရတာတို့တော့ ရှိတယ်ဗျာ။ အခုကတော့ ချောင်းတွေထဲမှာ တူးထားတဲ့ လက်ယက်တွင်းတွေ က သောက်သုံးလို့ ရနေသေးတယ်” ဟု ဝန်းသိုမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမင်းလွင်ဦးက ပြောကြားသည်။

ဝန်းသိုမြို့နယ်တွင် ကျေးရွာပေါင်း ၁၂ ရွာကျော် သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေသည့် ကျေးရွာများမှာ ဆည်းကြီးရွာသစ်၊ လက်ပံကုန်းကျေးရွာ၊ ပုတိန်ကျေးရွာ၊ ကျောက်တိုင်ကျေးရွာနှင့် ညောင်ပင်သာကျေးရွာ စသည့် ကျေးရွာပေါင်း ၁၂ ရွာ ကျော်ရှိကြောင်း သိရသည်။