လပွတ္တာမြို့နယ်တွင် ခိုးမှုမသင်္ကာဟုဆိုကာ ပိုးလောင်းရဲကင်းရဲစခန်းက လူနှစ်ဦးကို ချုပ်ရက်ရမန်မယူဘဲ ရက်အတန်ကြာ ဖမ်းဆီးထိန်းသိမ်းပြီး အရေပြားနှင့် လိင်အင်္ဂါများထိခိုက်သည်အထိ ပလတ်စတစ်အရည်ပူူဖြင့် အစက်ချခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်းများ ပြုလုပ်ဟုဆို

လပွတ္တာမြို့နယ်တွင် ခိုးမှုမသင်္ကာဟုဆိုကာ ပိုးလောင်းရဲကင်းရဲစခန်းက လူနှစ်ဦးကို ချုပ်ရက်ရမန်မယူဘဲ ရက်အတန်ကြာ ဖမ်းဆီးထိန်းသိမ်းပြီး အရေပြားနှင့် လိင်အင်္ဂါများထိခိုက်သည်အထိ ပလတ်စတစ်အရည်ပူူဖြင့် အစက်ချခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်းများ ပြုလုပ်ဟုဆို
Published 26 March 2018

မသင်္ကာဟုဆိုကာ လူနှစ်ဦးအား လိင်အင်္ဂါ၊ ပေါင်နှင့် ခြေသလုံးတို့တွင် ဒဏ်ရာများရရှိသည်အထိ နှိပ်စက်ထားသည်ကို တွေ့ရစဉ်

လပွတ္တာမြို့နယ်တွင် ပိုးလောင်းရဲကင်းရဲစခန်းမှ ဓနိဆိပ်ကျေးရွာအုပ်စု ဒေါင့်ချောင်းကျေးရွာနေ ပြည်သူနှစ်ဦးအားခိုးမှုဖြင့် မသင်္ကာဟုဆိုကာ ချုပ်ရက်ရမန်မယူဘဲ ရက်အတန်ကြာ ဖမ်းဆီးထိန်းသိမ်း၍ ပေါင်နှင့် တင်ပါးများကို ပလတ်စတစ်ကြိုးအား မီးရှို့၍ အစက်ချခြင်း၊ လိင်အင်္ဂါထိခိုက်သည်အထိ မီးရှို့ခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်းများ ပြုလုပ်သောကြောင့် လပွတ္တာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသနေရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ လွန်ခဲ့သော ဇန်နဝါရီ ၁၉ ရက်က ဒေါင့်ချောင်းကျေးရွာရှိ နေအိမ်တစ်ခုတွင် ခိုးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ခိုးမှုနှင့်ပတ်သက်၍ ကျေးရွာရှိ လူများစုကို အပိုင်နယ်မြေရဲစခန်းဖြစ်သည့် ပိုးလောင်း ရဲကင်းရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့ကြောင်း၊ ဒေါင့်ချောင်းကျေးရွာရှိ ဦးခင်မောင်လတ် (ဘ) ဦးတင်ဝင်းကို ပိုးလောင်းရဲကင်းရဲစခန်း မှ ဖေဖော်ဝါရီ ၂၁ ရက်တွင် ခိုးမှုဖြင့် မသင်္ကာဟုဆိုကာ နေအိမ်မှ လာရောက်ခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် အချိန်တစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထားပြီး စခန်းရှိ ရဲဒုတပ်ကြပ် ပြည့်ပိုပိုမင်း၊ ရဲတပ်သား ဝေဖြိုးအောင်၊ ရဲတပ်သား သူရိန်ဦးတို့က ဦးခင်မောင်လတ်အား စခန်းတွင်ရိုက်နှက်ခြင်း၊ ထုပ်တန်းတွင် ဇောက်ထိုးဆွဲထားခြင်း၊ ထိပ်တုံးခတ်ကာ ရိုက်နှက်ခြင်း၊ ပေါင်နှင့် တင်ပါးများကို ပလတ်စတစ်ကြိုးကို မီးရှို့၍ အစက်ချခြင်း၊ လိင်အင်္ဂါများပေါ် အစက်ချခြင်းများကို ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် ဒေါင့်ချောင်းကျေးရွာရှိ ကိုစိုးမြတ်အောင် (ခ) မျောက်ကလေးအား မတ် ၁၅ ရက် ပိုးလောင်ရဲကင်းရဲစခန်းက ခိုးမှုဖြင့် မသင်္ကာဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ချုပ်ရက်ရမန်မယူဘဲ ရက်ပေါင်းများစွာ ထိန်းသိမ်းထားကာ ထုပ်တန်းတွင် ဇောက်ထိုးဆွဲထားခြင်း၊ ထိတ်တုံးခတ်ကာ ရိုက်နှက်ခြင်း၊ ပေါင်နှင့် တင်ပါးများကို ပလတ်စတစ်ကြိုးကို မီးရှို့၍ အစက်ချခြင်း၊ လိင်အင်္ဂါများပေါ် အစက်ချခြင်းများကို ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ပြုလုပ်မှုကြောင့် ကိုစိုးမြတ်အောင်မှာ စခန်းမှ ထွက်ပြေးခဲ့ပြီးနောက် ဓနုံးချောင်းကျေးရွာ ဘုန်းကြီးကျောင်းသို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော်ကို တိုင်ကြားခဲ့သောကြောင့် ဆရာတော်က မတ် ၂၃ ရက်က ကိုစိုးမြတ်အောင်အား လပွတ္တာမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသစေခဲ့ကြောင်း၊ ကိုစိုးမြတ်အောင် ပြောဆိုချက်အရ စခန်းတွင် ထပ်မံအနှိပ်စက်ခံနေရသူ ဦးခင်မောင်လတ်ကိုပါ သွားရောက်ခေါ်ဆောင်ခဲ့ပြီး လပွတ္တာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

“ကျွန်တော့်ကို အိမ်မှာလာခေါ်ပြီးတော့ စခန်းမှာခေါ်ထားတယ်။ ရောက်ခါစရက်က ဘာမှမစစ်ဘူး။ ငါးရက်လောက်ကြာတော့ ကျွန်တော့်ကို ထိပ်တုံးခတ်ပြီးတော့ စစစ်တယ်။ ကျွန်တော်က မခိုးလို့မခိုးဘူးပြောတော့ သူတို့က ရိုက်တယ်။ ပါးကို ဖိနပ်တွေနဲ့ပါ ရိုက်တယ်။ ပြီးတော့ ပေါင်တွေရော ကျွန်တော့် အင်္ဂါရောပါ ပလတ်စတစ်ကြိုးကို မီးရှို့ပြီး အစက်ချတယ်။ နာလွန်းတော့ ကျွန်တော်က သူတို့ပြောခိုင်းတာပြောတော့ မင်းတစ်ယောက်တည်း မဟုတ်နိုင်ဘူး။ ထပ်ပြောဆိုလို့ ကျွန်တော်လည်း ခေါင်းထဲပေါ်လာတဲ့ စိုးမြတ်အောင်ကိုပါ ပါတယ်လို့ ပြောလိုက်မိတယ်” ဟု နှိပ်စက်ခံခဲ့ရသူ ဦးခင်မောင်လတ်က ပြောကြားသည်။

“ကျွန်တော့်ကို လာဖမ်းပြီးတော့ ရောက်တာနဲ့ ထုပ်တန်းမှာ ကျွန်တော့်ကို လက်ထိပ်မှာ အုတ်ခဲချီပြီး ထုပ်တန်းမှာဆွဲထားတယ်။ အကြာကြီးပဲ။ ပြီးတော့မှ ကျွန်တော့်ကို ဝန်ခံခိုင်းတယ်။ ခိုးပါတယ်ဆိုပြီးတော့။ ကျွန်တော်က မခိုးတော့ မခိုးပါဘူးလို့ပြောတယ်။ သူတို့က ကျွန်တော့်လိင်အင်္ဂါက အမွေးတွေကို ကြိုးနဲ့ချည်ပြီးဆွဲတယ်။ ပြီးတော့ လိင်အင်္ဂါကို ဖြဲပြီးတော့ ပလတ်စတစ်ကြိုးကို မီးရှို့ပြီးတော့ အစက်ချတယ်။ ပေါင်တွေရော၊ တင်ပါးရော၊ စအိုရောကို အစက်ချတယ်။ နောက်ဆုံး နှိပ်စက်လွန်းတာ မခံနိုင်လို့ ကျွန်တော်က ထွက်ပြေးပြီးတော့ ဆရာတော့်ဆီမှာ အကူအညီ သွားတောင်းတာ” ဟု ကိုစိုးမြတ်အောင်က ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးသို့ ဆက်သွယ်မေးမြန်းရာ ဒုရဲမှူးကြီး ဦးခင်မောင်လတ်က “ခိုးမှုနဲ့ မသင်္ကာလို့ဆိုပြီး ခေါ်စစ်တာမှာ ရိုက်နှက်တာတွေ လုပ်လို့ဆိုပြီး မိသားစုတွေက တိုင်ထားလို့ ကျွန်တော်တို့က အခုဆို လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ရဲတပ်ဖွဲ့ဝင်သုံးဦးကို ဖမ်းဆီးပြီးတော့ ဥပဒေအရအရေးယူဖို့ လုပ်ဆောင်ထားပါတယ်” ဟု ပြောကြားသည်။

နှိပ်စက်ခံထားရသည်ဟုဆိုသော ကာယကံရှင်များ၏ မိသားစုဝင်များနှင့် တွေ့ဆုံခဲ့ရာ အထက်ပါဖြစ်စဉ်များနှင့်ပတ်သက်၍ တိုင်ကြားခဲ့သည်များ မရှိသော်လည်း မတ် ၂၄ ရက် ညပိုင်းတွင် လပွတ္တာမြို့နယ် ရဲတပ်ဖွဲ့က မိသားစုဝင်များအား လာရောက်ခေါ်ဆောင်ပြီးနောက် စစ်ဆေးခဲ့ပြီး ကနဦးအသိ ပေးတိုင်ကြားလွှာကို ရေးသားခိုင်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent