သြင်္ကန်ရုံးပိတ်ရက်နည်းသည့်အတွက် ဇာတိရပ်ရွာပြန်မည့်သူ ယခင်နှစ်ထက်နည်းနိုင်ကြောင်း အောင်မင်္ဂလာအဝေးပြေးမှ သိရ

သြင်္ကန်ရုံးပိတ်ရက်နည်းသည့်အတွက် ဇာတိရပ်ရွာပြန်မည့်သူ ယခင်နှစ်ထက်နည်းနိုင်ကြောင်း အောင်မင်္ဂလာအဝေးပြေးမှ သိရ
Published 25 March 2018

အောင်မင်္ဂလာအဝေးပြေးကားကွင်းရှိ အဝေးပြေးယာဉ်လိုင်းအချို့ကို တွေ့ရစဉ်

ယခုနှစ် သြင်္ကန်ရုံးပိတ်ရက် နည်းသည့်အတွက် ဇာတိရပ်ရွာပြန်မည့်သူ ယခင်နှစ်ထက် နည်းနိုင်ကြောင်း အောင်မင်္ဂလာအဝေးပြေးမှ ယာဉ်လိုင်းတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

ယခင်နှစ် သြင်္ကန်ရုံးပိတ်ရက်များမှာ ၁၀ ရက်မှ ၁၂ ရက်အထိ ပိတ်ရက်ကြာရှည်သည့်အတွက် နယ်ပြန်သူများ နှစ်စဉ်အများအပြားရှိပြီး ယခုနှစ်တွင် ပိတ်ရက်ငါးရက်သာရှိသည့်အတွက် နယ်ပြန်မည့်သူ နည်းနိုင်ကြောင်း သိရသည်။ သြင်္ကန်ကာလမတိုင်မီ ရုံးပိတ်ရက်များသည့် ရက်များအတွင်း နယ်သို့ ပြန်ကြသည့်အတွက်ကြောင့်လည်း နယ်ပြန်မည့်သူနည်းနိုင်သည့် အကြောင်းရင်းဖြစ်သည်။

“အရင်တုန်းက သြင်္ကန်ကာလ ရောက်လာပြီဆိုရင် ရှိတဲ့လက်မှတ် အကုန်ရောင်းရတယ်။ ခုံအပိုတွေ ထိုးပေးရတယ်။ ပြန်တဲ့သူများတဲ့အတွက် ခုံတွေကို အဆင်ပြေသလို လုပ်ပေးရတဲ့အပိုင်းတွေ ရှိတယ်။ အခုနှစ်ကျတော့ လက်မှတ်ပုံမှန် အရေအတွက်အတိုင်းပဲ ရောင်းပေးမှာပါ။ ဒီကြားထဲမှာလည်း ပိတ်ရက်တွေက သုံးရက်၊ လေးရက်တွေ ဆက်တိုက် ပိတ်ထားတယ်။ အဲဒီပိတ်ရက်တွေမှာ ပြန်ကြတာများတယ်။ အခုသြင်္ကန်ပိတ်ရက်က ငါးရက်ပဲဆိုတော့ ပြန်တဲ့သူနည်းမယ်ထင်တယ်။ လက်မှတ်တွေကတော့ အခုစပြီး ရောင်းပေးနေပါပြီ” ဟု အောင်မင်္ဂလာအဝေးပြေးကွင်းရှိ အာရှကားဂိတ်မှ ယာဉ်လိုင်းတာဝန်ခံ ဦးလှမောင်သန်းက ပြောကြားသည်။

အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ယာဉ်လိုင်းပေါင်း၂၃၆ လိုင်းရှိပြီး ယာဉ်အစီးရေ ၂၇၂၁ စီးရှိကာ ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားစခန်းအတွင်း ယာဉ်လိုင်းပေါင်း ၂၀၇ လိုင်းရှိပြီး ယာဉ်အစီးရေ ၉၂၀ ကျော်ရှိကြောင်း သိရသည်။

“လက်မှတ်တွေက အခုကတည်းကစပြီးတော့ ရောင်းပေးနေပြီ။ ဒီနှစ်တော့ အရှေ့မှာလည်း ရုံးပိတ်ရက်တွေ ရှိထားတယ်။ ပြီးတော့ ဒီနှစ်ကလည်း ပိတ်ရက်နည်းတယ်။ ဒါကြောင့် အရင်နှစ်တွေထက်တော့ ပြန်မယ့်သူ နည်းနိုင်တယ်။ လက်မှတ်တွေကတော့ ပုံမှန်ဈေးနှုန်းအတိုင်းပဲ ရောင်းပေးတယ်။ ပြီးတော့ သြင်္ကန်ကာလမှာ ပိတ်ရက်မရှိ ခရီးစဉ်တွေကို ပြေးဆွဲသွားမှာပါ” ဟု အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းရှိ မန္တလာမင်း ယာဉ်လိုင်းမန်နေဂျာ မခိုင်ခိုင်စိုးက ပြောကြားသည်။

နယ်ပြန်ရန် ကားလက်မှတ်များကို ယခုရက်ပိုင်းအတွင်း ရောင်းချပေးနေပြီး ပြည်ကားလက်မှတ်တစ်စောင်လျှင် ကျပ် ၅၀၀၀၊ တောင်တွင်းကြီး ကားလက်မှတ်တစ်စောင် ကျပ် ၇၅၀၀၊ အောင်လံ ကားလက်မှတ်တစ်စောင် ကျပ် ၆၀၀၀ ဖြင့် ရောင်းချပေးနေသည်။ အခြားခရီးစဉ် လမ်းကြောင်းများဖြစ်သည့် မန္တလေး၊ ပုဂံ၊ ညောင်ဦး၊ မြစ်ကြီးနား၊ ကော့သောင်း၊ နေပြည်တော်၊ တောင်ကြီး၊ မော်လမြိုင်၊ ထားဝယ်နှင့် မြင်းခြံတို့အတွက် ကားလက်မှတ်များကိုလည်း ပုံမှန်ဈေးနှုန်းအတိုင်းသာ ရောင်းချပေးနေကြောင်း သိရသည်။

သြင်္ကန်ကာလအတွင်း ကားလက်မှတ်များဈေးနှုန်းမှာ ဈေးနှုန်းတက်ခြင်းမရှိ ပုံမှန်ဈေးနှုန်းအတိုင်းဖြင့်သာ ရောင်းချမည်ဟု ကားဂိတ်များတွင် သတ်မှတ်ထားသော်လည်း သြင်္ကန်ကာလ နီးကပ်လာသည့်အချိန်တွင် ကားလက်မှတ်များမှာ ဝယ်ယူရန်ခက်ခဲခြင်း၊ လက်မှတ်များ ကုန်သွားခြင်းနှင့် ဈေးနှုန်းတက်ခြင်းတို့မှာ နှစ်စဉ်ဖြစ်ပွားလျက်ရှိသည့် ပြဿနာတစ်ရပ်ဖြစ်နေကြောင်း သိရသည်။

Most Read

Most Recent