ရန်ကုန်အထူးကုဆေးရုံ တည်ဆောက်ရေးစီမံချက် အပါအဝင် စီမံချက်သုံးခုကို ဂျပန် ယန်း ၁၅၆၉၄ သန်း ကူညီပေးရေး MoU သုံးခု လက်မှတ်ရေးထိုး

ရန်ကုန်အထူးကုဆေးရုံ တည်ဆောက်ရေးစီမံချက် အပါအဝင် စီမံချက်သုံးခုကို ဂျပန် ယန်း ၁၅၆၉၄ သန်း ကူညီပေးရေး MoU သုံးခု လက်မှတ်ရေးထိုး
Published 25 March 2018

ရန်ကုန်အထူးကုဆေးရုံတည်ဆောက်ရေး စီမံချက်အပါအဝင် စီမံချက်သုံးခုတွင် မြန်မာနိုင်ငံအစိုးရသို့ ဂျပန်နိုင်ငံအစိုးရမှ ဂျပန် ယန်းငွေ ၁၅၆၉၄ သန်း အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာ (MoU ) သုံးခု လက်မှတ်ရေး ထိုးလဲလှယ်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာ၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ ရေးထိုးခဲ့သည့် MoU သုံးခုတွင် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု စီမံချက်အတွက် ဂျပန်ယန်း သန်း (၁၀၀၀)၊ ရန်ကုန် အထူးကုဆေးရုံသစ် တည်ဆောက်ရေး စီမံချက်အတွက် ဂျပန်ယန်း (၈၆၆၁) သန်း နှင့်မန္တလေးဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်အတွက် ဂျပန်ယန်း (၆၀၃၃) သန်း အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာများဖြစ်ကြောင်း သိရသည်။

အဆိုပါ စာချွန်လွှာများအတွက်  မြန်မာအစိုးရကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ဂျပန်နိုင်ငံ အစိုးရကိုယ်စား Ms. Tomoko YOSHIHIRO , Charged’ Affaires ad Interim of the Embasst of Japan တို့က လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာချွန်လွှာများ လက်မှတ်ရေးထိုး လဲလှယ်ခြင်းဖြင့် မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာမည်ဖြစ်ပြီး ပြည်သူများအပေါ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍအတွက် အထောက်အကူများ ရရှိနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အတိုးနှုန်းသက်သာသောချေးငွေများ ထုတ်ချေးပေးနေသည့်နိုင်ငံဖြစ်ပြီး လက်ရှိအချိန်တွင် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများကို ငွေချေးပေးနိုင်ရန်အတွက် ဂျပန်ယန်းငွေ ၁၅ ဘီလျံခန့်ကိုလည်း ချေးယူရန် စီစဉ်မှုအပြင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး အဆင့်မြှင့်တင်မှုစီမံချက်နှင့် ထားဝယ်ဆေးရုံကြီး အဆင့်မြှင့်တင်ရေးစီမံချက်အတွက် ဂျပန်နိုင်ငံမှ ယန်း ၅၁၆၅ သန်းချေးယူရန်  ဂျပန်နိုင်ငံအစိုးရမှ မြန်မာအစိုးရသို့ အကူအညီပေးရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) နှစ်ခုကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent