ပုဂံညောင်ဦးဒေသတွင် ဆင်အခြေပြု ခရီးသွားလုပ်ငန်းအတွက် ပထမဆုံး ဆင်စခန်းကို မတ် ၂၈ ရက်တွင် ဖွင့်လှစ်မည်ဟု သိရ

ပုဂံညောင်ဦးဒေသတွင် ဆင်အခြေပြု ခရီးသွားလုပ်ငန်းအတွက် ပထမဆုံး ဆင်စခန်းကို မတ် ၂၈ ရက်တွင် ဖွင့်လှစ်မည်ဟု သိရ
Published 20 March 2018

ဆင်စခန်းဖွင့်လှစ်မည့် ပလင်းသစ်ဆိပ်အား တွေ့ရစဉ်

ပုဂံညောင်ဦးဒေသတွင် ဆင်အခြေပြု ခရီးသွားလုပ်ငန်းအတွက် ခရီးသွားပြည်သူများနှင့် နိုင်ငံခြားသား လာရောက်လေ့လာ အပန်းဖြေနိုင်ရန် ပထမဆုံး ပလင်းကမ်းသာ ယာဆင်စခန်းကို မတ် ၂၈ ရက်တွင် ဖွင့်လှစ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေသည်ဟု စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း ဒုတိယ အထွေထွေမန်နေဂျာ ဦးသန်းစိုးဦးက ပြောကြားသည်။

အဆိုပါဆင်စခန်းကို ညောင်ဦးမြို့မှ ငါးမိုင်အကွာ မြင်းခြံ-ညောင်ဦးကားလမ်းမကြီး၏ မြောက်ဘက် နှစ်ဖာလုံအကွာ ဧရာဝတီမြစ်ဘေးရှိ ယခင်က ညောင်ဦးဖောင်ဖွဲ့ရေး၏ ပလင်းသစ်ဆိပ်နေရာတွင် ဖွင့်လှစ်မည်ဖြစ်သည်။ ယခုအခါ သစ်ထုတ်လုပ်ငန်းများ လျှော့ချထားမှုကြောင့် လုပ်ငန်းမလုပ်ဆောင်ဘဲ ပိုလျှံနေသည့် မြေနေရာပေါ်တွင် စီမံကိန်းများ လျှော့ချထားမှုကြောင့် ပိုလျှံနေသည့်ဆင်များနှင့် အသက်ကြီးသွားသည့်ဆင်များ၊ လက်ရှိမွေးထားသည့် ဆင်များအား ပြုစုစောင့်ရှောက်ပုံ၊ ဆင်များ၏ နေထိုင်မှုပုံစံကို အများ ပြည်သူနှင့် နိုင်ငံခြားများ လာရောက်လည်ပတ် အပန်းဖြေနိုင်ရန်အတွက် ညောင်ဦးဒေသတွင် ပထမဆုံးဖွင့်လှစ်ခြင်း ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း ဒုတိယ အထွေထွေ မန်နေဂျာ ဦးသန်းစိုးဦးက ပြောကြားသည်။

“ကျွန်တော်တို့ ၂၀၁၈ မတ် ၂၈ ရက်ပေါ့၊ ဖွင့်ဖို့စီစဉ်ထားတယ်။ အခုလောလောဆယ်က ဆင်လေးကောင် ရောက်ပြီး ဖွင့်ဖို့အတွက် ဆင်အထီးစွယ်စုံတစ်ကောင်၊ အမိနောက်လိုက်တစ်ကောင်၊ ဆင်အမေတစ်ကောင်၊ ဆင်မကြီးတစ်ကောင် အားလုံးပေါင်း လေးကောင် နောက်ပြီး ဆင်ပြကွက်တွေ ရေပေါ်စားသောက်ဆိုင်မျိုး လုပ်ထားတာရှိတယ်။ ၂၈ ရက်နေ့ ဖွင့်နိုင်အောင် အမီလုပ်နေတယ်” ဟု ဦးသန်းစိုးဦးက ပြောကြားသည်။

ပလင်းကမ်းသာယာဆင်စခန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ ဆင်အခြေပြု ခရီးသွားလုပ်ငန်းကို အမှီပြုပြီး အနီးဝန်းကျင်ရှိ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ ဆင်များနှင့် ပတ်သက်ပြီး ဗဟုသုတရရှိပြီး ဆင်များကို ချစ်ခင်မြတ်နိုးတတ်လာစေရန်၊ ဌာနေဝန်ထမ်းများ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေး သာမက ခရီးသွားဝန်ဆောင်မှု၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများပါ ပူးပေါင်းဆောင်ရွက် တတ်စေရန်၊ ပြည်တွင်း ပြည်ပ ခရီးသွားများ အပန်းဖြေနေရာတစ်ခု ပေါ်ပေါက်စေရန်ဖြစ်ကြောင်း သိရသည်။

“မတ် ၂၈ ရက်နေ့ဖွင့်ဖို့ ရည်မှန်းပြီး လုပ်ဆောင်နေတယ်။ ဧရာဝတီမြစ်ဘေးမှာတည်ရှိပြီး ညောင်ဦးမြို့နဲ့ ငါးမိုင်အကွာတည်ရှိပြီး ဆင်စခန်း အကျယ်အဝန်းက ၄ ဒသမ ၁၈ ဧကကျယ်ဝန်းပါတယ်။ ပြည်တွင်းပြည်ပ ခရီးသွားတွေ စိတ်အပန်းဖြေ လေ့လာလည်ပတ်စရာ နေရာတစ်ခုဖြစ်ဖို့ရည်ရွယ်ပြီး လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ နောက်တစ်ခု ဒီဆင်စခန်းမှာ ဆင်ခုနစ်ကောင်ကနေ ၁၀ ကောင်အထိထားဖို့ ရည်ရွယ်ပေမယ့် နွေရာသီမှာ အစာရှားပါးပြီး အခက်အခဲရှိလို့ လောလောဆယ် လေးကောင်ပဲ ရွှေ့ထားပါတယ်။ အခုလက်ရှိမှာ ဆင်ပြတိုက် တည်ဆောက်နေတယ်။ ဖွင့်ပွဲအချိန်မှာ ပြီးစီးအောင် ဆောင်ရွက်မပေးနိုင်ဘူး။ ဆင်အရိုးစုတွေလည်းပြဖို့ ဆောင်ရွက်နေတယ်။ အခုလောလောဆယ် မရောက်ရှိသေးဘူး” ဟု ချင်းတွင်းဖောင်ဖွဲ့ရေးဒေသ တာဝန်ခံ လက်ထောက်အထွေထွေမန်နေဂျာ ဦးအောင်ဌေးက ပြောကြားသည်။

အဆိုပါဆင်စခန်းတွင် အရွယ်ရောက် ထီး/စုံတစ်ကောင်၊ အရွယ်ရောက် ဆင်မတစ်ကောင်၊ မိခင်ဆင်မကြီးနှင့် အမိနောက်လိုက် ဆင်တစ်ကောင် စုစုပေါင်း ဆင်လေးကောင် ပါရှိမည်ဟု သိရသည်။ ဆင်စခန်းတွင် ဆင်များစီးပြီး နံနက်ခင်း ဧရာဝတီမြစ်အလှ၊ ညနေခင်း ဧရာဝတီမြစ် ရှုခင်းများ ကြည့်ရှုနိုင်ခြင်း ဆင်များ သရုပ်ဖော်ပြသခြင်း၊ ဧရာဝတီမြစ် တစ်လျှောက်တွင် ဌာနပိုင် ဇေယျာမော်တော်ဖြင့် မြစ်အလှနှင့် ညနေခင်းရှုခင်းများကို ခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဝင်ကြေးအနေဖြင့် နိုင်ငံသားတစ်ယောက်လျှင် ကျပ် ၁၀၀၀၊ ဆင်စီးမည်ဆိုပါက ကျပ် ၅၀၀၀ နိုင်ငံခြားသားဆိုပါက ဆင်စီးမှု အပါအဝင် ကျပ် ၂၀၀၀၀ ကောက်ခံမည်ဟု သိရသည်။ ဆင်စခန်းတွင် ဆင်များကို အစာကျွေးခြင်း၊ ကိုယ်တိုင်ရေချိုး ပေးနိုင်ကြောင်း သိရသည်။ မြန်မာ့သစ်လုပ်ငန်း စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းဖောင်ဖွဲ့ရေး အနေဖြင့် စစ်ကိုင်းတိုင်းတွင် ကသာနှင့် မော်လိုက်တို့တွင်လည်း ဆင်စခန်း ဖွင့်လှစ်ထားပြီး ယခုပလင်းကမ်းသာယာ ဆင်စခန်း အပါအဝင် ဆင်စခန်းကို သုံးခု ဖွင့်လှစ်ထားသည်။