တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ အခြေစိုက်ရာ ရှေးဟောင်းရုံးကြီးနံဘေးတွင် သုံးထပ်အမြင့်ရှိ အဆောက်အအုံ တည်ဆောက်နေမှုအပေါ် ဝေဖန်မှုများရှိနေ

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ အခြေစိုက်ရာ ရှေးဟောင်းရုံးကြီးနံဘေးတွင် သုံးထပ်အမြင့်ရှိ အဆောက်အအုံ တည်ဆောက်နေမှုအပေါ် ဝေဖန်မှုများရှိနေ
Published 19 March 2018

တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနံဘေး၌ သုံးထပ်အဆောက်အအုံသစ် စတင်တည်ဆောက်နေသည်ကို တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့လယ်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ အခြေစိုက်ရာ ရှေးဟောင်းရုံးကြီးနံဘေးတွင် သုံးထပ်အမြင့်ရှိ အဆောက်အအုံတစ်ခု ဘေးချင်းကပ် အနေအထားဖြင့် တည်ဆောက်နေမှုအပေါ် ဒေသခံများအကြား ဝေဖန်လျက်ရှိကြောင်း သိရသည်။ ၎င်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးစိုက်ရာ သက်တမ်းနှစ် ၉၀ ရှိပြီဖြစ်သည့် ရှေးဟောင်းရုံးကြီး၏ နံဘေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစည်းအဝေးခန်းမ ပါဝင်မည့် သုံးထပ်အဆောက်အအုံကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း မြေပြင်ရှင်းလင်းခြင်းနှင့် ဖောင်ဒေးရှင်းတူးဖော်မှုများ ဆောင်ရွက်ခဲ့ပြီးနောက် မြို့ခံများနှင့် ရှေးဟောင်းအဆောက်အအုံ လေ့လာထိန်းသိမ်းလိုသူများအကြား ဝေဖန်မှုထွက်ပေါ်လာခြင်း ဖြစ်သည်။

“အမှန်တော့ ဒီနေရာမှာ အထပ်မြင့်လုံး၀ မဆောက်သင့်ဘူး။ ရှေးက ဘုရားကုန်းလည်းဖြစ်တဲ့ ရုံးကြီးက သမိုင်းအမွေအနှစ်အနေနဲ့ ပြည်သူ့အစိုးရက တန်ဖိုးထားသင့်တယ်။ ဒါကြီးတက်လာရင် ကွယ်ပြီလေ။ ၁၉၂၈ မှာ စဆောက်ပြီး ၁၉၃၀ မှာဖွင့်တော့ အခုဆို နှစ် ၉၀ ပြည့် ဂုဏ်ပြုလိုက်တာပေါ့။ ထားဝယ်မြို့ လယ်မှာရှိတဲ့ သမိုင်းအမွေအနှစ်တွေကို အစိုးရ ကမထိန်းရင် ဘယ်သူထိန်းမလဲ။ ရုံးကြီး (ယခု တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး)၊ မြူနီစီပယ် (ယခုစည်ပင်ရုံး)၊ ကူးသန်းရောင်းဝယ်ရေးရိုး တိုက်၊ ဗမာ့သစ်ဆိုတာတွေက တစ်စုတည်း ပြလို့ရတဲ့ဟာတွေလေ။ အစည်းအဝေးခန်းမ လုပ်ချင်ရင် ဟိုဘက်က မျက်ကွယ်ရာ လွှတ်တော်အဟောင်းကိုယူပြီး Modify ပြန်လုပ်လို့ရတာပဲ။ ပြည်သူ့ဘဏ္ဍာကို အလဟဿ ဖြုန်းတီးတာ။ အဲဒါဆောက်ဖို့ အမှန်လိုအပ်သလားပေါ့။ အဲဒီအဆောက်အအုံဆောက်မယ့် ဘတ်ဂျက်က မူလတန်းကျောင်း အနည်းဆုံး ၁၀ ကျောင်းဆောက်လို့ရမယ်။ လိုအပ်နေတဲ့ နေရာတွေ အများကြီးပါ။ ထားဝယ်မြို့လယ်က သမိုင်းဝင်နေရာ ခေတ်အဆက်ဆက်က အစိုးရမင်းတို့ရုံးစိုက်ခဲ့တာ သူတို့မို့ လုပ်ရက်တယ်။ အဲဒီလို အစည်းအဝေးခန်းမမျိုး တိုင်းပြည်သူ့ကောင်စီ ဦးသိန်းကြည်လက်ထက်က ဆောက်ဖို့လုပ်သေးတယ်။ တင်းနစ်ကွင်းနေရာမှာ။ အဲဒီတုန်းက ဝိုင်းကန့်ကွက်ကြလို့ ပျက်သွားခဲ့တယ်။ အဲဒီလို အတွင်းဘက်မှာတောင် မရဘူးဆိုရင် အဲဒီရုံးကြီးကို ကွယ်ပြီးဆောက်တာ မလွန်လွန်းဘူးလား။ ကိုယ့်လူမျိုးတွေကထားပါ။ နိုင်ငံရပ်ခြားကနေ လာမယ့် အမွေအနှစ်လေ့လာသူတွေ သမိုင်းပညာ ရှင်တွေအနေနဲ့ကြည့်ရင် ဘယ်လောက် ကသိကအောက် ဖြစ်သွားမလဲ။ စဉ်းစားကြည့်လေ။အဲဒီအစိုးရ ဦးနှောက်မရှိဘူးလား မေးကြမှာ မြင်ယောင်နေတယ်” ဟု ရှေးဟောင်းအဆောက်အအုံများကို ထိန်းသိမ်းရေးလိုလားသူ ထားဝယ်မြို့ခံတစ်ဦးဖြစ်သည့် ဦးအောင်မိုးသူက ပြောကြားသည်။

ထို့ပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အစည်းအဝေးခန်းမသစ် ပြုလုပ်ရန် လိုအပ်ချက်အရ ယင်းအဆောက်အအုံကို တည်ဆောက်မည်ဆိုပါကလည်း ထားဝယ်မြို့ရှိ သက်ကြီး၊ ဝါကြီး စာပေပညာရှင်များအား ဆွေးနွေးမေးမြန်းသင့်ကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်ခြင်းမှာ ၎င်းပုဂ္ဂိုလ်များအား မျက်စိထဲမထည့်၊ မတိုင်ပင်ဘဲ လုပ်ချင်ရာလုပ်သည့် သဘောဖြစ်နေသည်ဟု ၎င်းက ဝေဖန်ခဲ့သည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးနံဘေးတွင် တည်ဆောက်နေသည့် အဆိုပါ သုံးထပ်အဆောက်အအုံကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက စတင်တည်ဆောက်ခဲ့ပြီး Steel Structure ဖြင့် တည်ဆောက်မည်ဖြစ်သည့်အတွက် လိုအပ်သည့်ပစ္စည်းများကို နိုင်ငံခြားသို့ မှာယူထားကာ ပစ္စည်းများရောက်လာပါက လာမည့်ဧပြီလကုန်ပိုင်းတွင် အဆောက်အအုံတည်ဆောက်မှု ပြီးစီးနိုင်မည်ဖြစ်ကြောင်း၊ ယင်းအဆောက်အအုံ တည်ဆောက်မှုကို ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တိုင်းအဆင့် ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေပြီး လက်ရှိတွင် ဖောင်ဒေးရှင်း တူးဖော်မှုများပြုလုပ်နေကာ အဆောက်အအုံ တစ်ခုလုံးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျပ်သန်း ၃၅၀ အကုန်အကျခံ တည်ဆောက်သွားမည်ဖြစ်သည်ဟု သိရသည်။

“ပထမအချက်ကတော့ အစည်းအဝေး ခန်းမပေါ့။ ငါတို့ တိုင်းဒေသကြီးရုံးမှာရှိတဲ့ အစည်းအဝေးခန်းက သိတဲ့အတိုင်းပဲ။ တိုင်းအဆင့် ဌာနဆိုင်ရာကအခုဆို ၉၀ လောက် ဖြစ်လာပြီ။ ၉၀ အထိဖြစ်လာတဲ့ အနေအထားမှာ အစည်းအဝေးအခန်း မဆံ့တော့ဘဲ အရှေ့ဘက်အထိ ထိုင်ပြီးတော့ လုပ်နေရတယ်ပေါ့။ ဒါကြောင့် အနည်းဆုံး လူ ၁၀၀ နဲ့အထက်ဆံ့မယ့် အစည်းအဝေးခန်းမက ပထမဦးတည်ချက်ပေါ့။ နောက်တစ်ချက်က စာကြည့်တိုက်လိုဟာမျိုးထည့်ဖို့ လျာတားတယ်။ အောက်ထပ်ကတော့ ကားပါကင်။ အဓိကက အပေါ်ဘက် နှစ်ထပ်ပါ။ အစည်းအဝေးခန်းပါမယ်၊ စာကြည့်တိုက်လိုဟာမျိုး ပါမယ်။ နောက်တစ် ချက်က အခု e- government စနစ်လုပ်မယ်ဆိုရင် လိုအပ်တဲ့အခန်းတွေအတွက် သုံးလို့ရမယ်။ ဒီအတွက် လျာပြီးဆောက်တာ” ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးသိန်းအောင်က ပြောကြားသည်။

ရှေးဟောင်း အဆောက်အအုံတစ်ခုဖြစ်သော တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးနံဘေး၌ ယခု သုံးထပ်အဆောက်အအုံ တည်ဆောက်မှုကြောင့် မူလတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ ကြံ့ခိုင်မှုနှင့် ပုံရိပ်ကို ထိခိုက်စေနိုင်သည်ဟု ဝေဖန်မှုများ ပေါ်ထွက်နေသည့်အပေါ်တွင် အသစ်တည်ဆောက်မည့် သုံးထပ်အဆောက်အအုံမှာ Steel Structure ဖြင့် တည်ဆောက်မည်ဖြစ်သောကြောင့် ပြဿနာ သိပ်မရှိနိုင်ဟု ၎င်းအနေဖြင့် ထင်မိကြောင်း ဦးသိန်းအောင်က ပြောကြားသည်။ လက်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအဖြစ် အသုံးပြုနေသည့် ထားဝယ်မြို့လယ်ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနေရာမှာ ယခင်က ဘုရားကုန်းဟောင်းတစ်ခုဖြစ်ပြီး ရှေးဟောင်းရုံးကြီးကို ကိုလိုနီခေတ်ဖြစ်သည့် ၁၉၂၈ ခုနှစ်က ထားဝယ်အရေးပိုင် A.J.S White လက်ထက်၌ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ၁၉၃၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ ၎င်းရုံးကြီးအား ခေတ်အဆက်ဆက်က အရေးပိုင်ရုံး၊ ခရိုင်ဝန်ရုံး၊ တိုင်း/ ခရိုင် ကောင်စီရုံးများအဖြစ် အသုံးပြုခဲ့သည့်အပြင် ယခင်အစိုးရလက်ထက်မှစ၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအဖြစ် အသုံးပြုခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

လက်ရှိတိုင်းဒေသကြီးအစိုးရအဖွဲ့ တက်လာပြီးနောက်တွင် ယင်းရုံးကြီးတစ်ခုလုံးအား အဖြူရောင်မှ ပင်နီရောင်သို့ ပြောင်းလဲခဲ့ပြီး အဆောက်အအုံအတွင်း အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ရုံးအဖွဲ့များ၊ ရုံးခန်းများအပြင် ဧည့်ခန်းနှင့် အစည်းအဝေးခန်းများလည်းရှိကြောင်း၊ ယင်းအဆောက်အအုံ၏ အနောက်ဘက်တွင် ပြီးခဲ့သည့် အစိုးရလက်ထက်က တည်ဆောက်ခဲ့သော သုံးထပ်တိုင်းဒေသကြီးလွှတ်တော် အဆောက်အအုံဟောင်းတစ်ခုရှိပြီး လက်ရှိတွင် အစိုးရအဖွဲ့ အသုံးပြုနေသည်ဟု သိရသည်။