မူးယစ်ဆေးဝါးထုတ်လုပ်မှုမှာ ဘိန်းဖြူ၊ ဆေးခြောက်၊ ကိုကင်းနှင့် အဖက်တမင်း စိတ်ကြွရူးသွပ်ဆေးပြားအပြင် စိတ်ပြောင်းဆေးဝါးသစ် ထုတ်လုပ်မှုများပါ တွေ့ရှိလာကြောင်း ၂၀၁၇ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာ၌ ဖော်ပြ

မူးယစ်ဆေးဝါးထုတ်လုပ်မှုမှာ ဘိန်းဖြူ၊ ဆေးခြောက်၊ ကိုကင်းနှင့် အဖက်တမင်း စိတ်ကြွရူးသွပ်ဆေးပြားအပြင် စိတ်ပြောင်းဆေးဝါးသစ် ထုတ်လုပ်မှုများပါ တွေ့ရှိလာကြောင်း ၂၀၁၇ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာ၌ ဖော်ပြ
Published 18 March 2018

မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

မူးယစ်ဆေးဝါးထုတ်လုပ်မှုမှာ ဘိန်းဖြူ၊ ဆေးခြောက်၊ ကိုကင်းနှင့် အဖက်တမင်း စိတ်ကြွဆေးပြားများအပြင် စိတ်ပြောင်းဆေးဝါးသစ် ထုတ်လုပ်မှုများပါ တွေ့ရှိလာကြောင်း ၂၀၁၇ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။

အဆိုပါ အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေ၏ ငါးရာခိုင်နှုန်းသည် တစ်နှစ်အတွင်း မူးယစ်ဆေးဝါး အနည်းဆုံးတစ်ကြိမ် သုံးစွဲမှုရှိပြီး ကမ္ဘာ့လူဦးရေ ၂၅၅ သန်းရှိသည့်အနက် ၂၉ ဒသမ ၅ သန်းမှာ မူးယစ်ဆေးဝါး ကုသမှုခံယူရန် လိုအပ်နေသူများဖြစ်ပြီး ၁၂ သန်းသည် မူးယစ်ဆေးဝါးအကြောတွင်း ထိုးသွင်းသူများဖြစ်ကြောင်း၊ တစ်နှစ်ထက်တစ်နှစ် မူးယစ်ဆေးလွန် သေဆုံးမှုများ၊ မူးယစ်ဆေးစွဲမှုကြောင့် ကူးစက်ခံရသော အိပ်ချ်အိုင်ဗွီရောဂါ၊ အသည်းရောင် အသားဝါဘီနှင့် စီ၊ တီဘီရောဂါ ဖြစ်ပွားမှု မြင့်တက်လာကြောင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ ဘိန်းဖြူ၊ ဆေးခြောက်၊ ကိုကင်းနှင့် အဖက်တမင်း စိတ်ကြွရူးသွပ်ဆေးပြားအပြင် စိတ်ပြောင်းဆေးဝါးသစ် ထုတ်လုပ်မှုများကိုပါ တွေ့ရှိလာရကြောင်းနှင့် ၂၀၁၂ ခုနှစ်တွင် စိတ်ပြောင်းဆေးဝါးသစ် အမျိုးပေါင်း ၂၆၀ ခန့် တွေ့ရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ်အတွင်း အမျိုးပေါင်း ၆၃၀ အထိ မြင့်တက်လာကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဓာတုပစ္စည်းမှ တစ်ဆင့်ထုတ်လုပ်သည့် စိတ်ကြွးဆေးပြားပြဿနာသည် ၁၉၉၆ ခုနှစ်မှ စတင်ပျံ့နှံ့လာကြောင်းနှင့် အစပျိုး ဓာတုပစ္စည်းများ နယ်စပ်များမှတစ်ဆင့် ဝင်ရောက်လာခြင်းကို ထိန်းချုပ်ရန် ခက်ခဲခြင်း၊ စိတ်ကြွဆေးပြား လွယ်ကူစွာ ထုတ်လုပ်နိုင်ခြင်း၊ နယ်မြေအခြေအနေ ကန့်သတ်ချက်ရှိခြင်းများကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသအချို့တွင် စိတ်ကြွဆေးပြားများ ထုတ်လုပ်လာခဲ့ခြင်းများကြောင့် စိတ်ကြွဆေးပြားများ လူငယ်ထုအတွင်း သုံးစွဲမှု မြင့်တက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး အခြေအနေမှာ ဘိန်းစိုက်ပျိုးမှုအပြင် စိတ်ကြွဆေးပြားထုတ်လုပ်မှု၊ သုံးစွဲမှုစသည့် စိန်ခေါ်မှုများနှင့် ထပ်မံရင်ဆိုင်နေရခြင်းကြောင့် ၂၀၁၅ ခုနှစ် အာဆီယံဒေသ မူးယစ်ဆေးဝါးကင်းစင်ရေး ရည်မှန်းချက်၊ ၂၀၁၅ ခုနှစ်အလွန် မူးယစ်ဆေးဝါး လျှော့ချရေး လုပ်ငန်းစဉ်များနှင့်အညီ စတုတ္ထငါးနှစ် စီမံကိန်းကို ၂၀၁၄-၂၀၁၅ မှ ၂၀၁၈-၂၀၁၉ ခုနှစ်အထိ ထပ်မံတိုးမြှင့်ပြီး ထုတ်လုပ်မှုပပျောက်ရေးနှင့် သုံးစွဲမှု ပပျောက်ရေး၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိတ်ကြွဆေးပြားဆိုသည်မှာ အက်ဖီဒရင်း၊ ကာဖင်းစသော ဓာတုဗေဒပစ္စည်းများကို အခြေခံကာ လူတို့ဖန်တီးပြုလုပ်ထားသော ဆေးတစ်မျိုးဖြစ်ပြီး Amphetamine Type Stimulants (ATS) ခေါ် စိတ်ကြွရူးသွပ်ဆေးသည် ဗဟိုနဗ်ကြောအဖွဲ့ (Central Nervous System) ကို လှုံ့ဆော်ပေးခြင်းဖြစ်ကြောင်းနှင့် ဆေးအမျိုးအမည်များမှာ အမ်ဖီတမင်း၊ မက်အမ်ဖီတမင်း၊ မီသိုင်းလ်ဖင်နီဒိတ်၊ ဖင်မိထရာဇင်း၊ အက်စ်တာစီတို့ဖြစ်ပြီး ယေဘုယျအခေါ်များမှာ အိုက်စ်၊ ရှဘူး၊ ရာဘ၊ ရာမ၊ စပိဒ်တို့ ဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားကို ရေရှည်သုံးစွဲသူများတွင် တွေ့ရသည့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများမှာ ရှူခြင်း၊ ရှုံ့ခြင်းကြောင့် နှာခေါင်းကြွက်သားမျှင် ပျက်စီးခြင်း၊ ရှူရှိုက်ခြင်းကြောင့် အသက်ရှူလမ်းကြောင်း ထိခိုက်ခြင်းနှင့် အဆုတ်ကင်ဆာ ပိုမိုဖြစ်ပွားခြင်း၊ ဆေးထိုးသုံးစွဲခြင်းကြောင့် အိပ်ချ်အိုင်ဗွီ၊ အသည်းရောင်အသားဝါဘီနှင့် စီ အပါအဝင် သွေးမှတစ်ဆင့် ကူးစက်တတ်သော ဗိုင်းရပ်စ်ရောဂါပိုး အန္တရာယ်ပိုမိုများပြားစေခြင်း၊ ခံတွင်းပျက်သောကြောင့် အာဟာရချို့တဲ့ခြင်း၊ ကိုယ်ခန္ဓာပိန်ချုံးခြင်း၊ အရေပြားရောဂါဖြစ်ခြင်း၊ သွားများထိခိုက် ပျက်စီးခြင်းတို့ဖြစ်ကြောင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများမှာ မှတ်ဉာဏ်စွမ်းရည် ဆုံးရှုံးခြင်း၊ ရေရှည်အိပ်ပျက်ခြင်းကြောင့် မှန်မှန်ကန်ကန် မဝေခွဲ မဆုံးဖြတ်နိုင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ စွဲလမ်းလာခြင်း (မသုံးစွဲရ မနေနိုင်အောင် အလွန်အမင်း စွဲလမ်းခြင်း)၊ ပျော်ရွှင်မှု ခံစားနိုင်စွမ်း လျော့ပါးလာခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာအခံရှိသူများ သုံးစွဲလျှင် စိတ်ရောဂါဝေဒနာ ပိုမိုဆိုးရွားသွားနိုင်ခြင်း၊ သံသယလွန်စိတ်ရောဂါ ခံစားရခြင်း၊ စိတ်ဓာတ်ကျ၍ သတ်သေချင်စိတ်ဖြစ်ခြင်းများဖြစ်ပြီး ရာဇဝတ်မှုများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

လက်ရှိတွင် မူးယစ်ဆေးစွဲ ကုသရေးဌာနကြီး ၂၆ ခုနှင့် ဌာနငယ် ၄၇ ခု ဖွင့်လှစ်ပြီး မူးယစ်ဆေးဝါးဆိုင်ရာ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း၊ ဆေးစွဲလူနာများအတွက် တစ်နေရာတည်း၌ ကုသရေး ဝန်ဆောင်မှုအားလုံး ရရှိစေရန် ပြည်သူလူထုအခြေပြု One Stop Service လုပ်ငန်းများကိုလည်း လုပ်ဆောင်လျက်ရှိပြီး ပြန်လည်ထူထောင်ရေးစခန်း ၁၂ ခုကို ဖွင့်လှစ်ထားရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent