တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (NC) ကို ဆန့်ကျင်မှု မပြုခြင်းသည် NCA စာချုပ်အား လက်ခံလိုက်သည်ဟု မှတ်ယူ၍ မရကြောင်း “ဝ” အဖွဲ့ ထုတ်ပြန်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (NC) ကို ဆန့်ကျင်မှု မပြုခြင်းသည် NCA စာချုပ်အား လက်ခံလိုက်သည်ဟု မှတ်ယူ၍ မရကြောင်း “ဝ” အဖွဲ့ ထုတ်ပြန်
Published 18 March 2018

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (NC) ကို ဆန့်ကျင်မှု မပြုခြင်းသည် စာချုပ်သဘောဆောင်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်ခံသည်ဟု မှတ်ယူ၍ မရကြောင်း မတ် ၁၆ ရက် နေ့စွဲဖြင့် “ဝ”သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဗဟိုပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီက ကြေညာချက် ထုတ်ပြန်သည်။

အဆိုပါ ကြေညာချက်တွင် ၂၀၁၈ ခုနှစ် မတ် ၁၄ ရက်တွင် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက “ဝ” အဖွဲ့ နှင့် မိုင်းလားအဖွဲ့တို့ NCA ကို လက်ခံလိုက်ပြီဟု မီဒီယာများအား ပြောဆိုခဲ့ကြောင်း၊ ဦးအောင်စိုး၏ ပြောဆိုမှုသည် မှန်သလိုလိုနှင့် မှားနေပြီး အများပြည်သူကို အထင်အမြင်လွဲအောင် လုပ်ဆောင်နေသည်ဟု သံသယရှိကြောင်း၊ ထိုသို့ပြောဆိုခြင်းသည် အမြင်ရှုပ်ထွေးအောင် ပြုလုပ်သည့် လုပ်ရပ်ဖြစ်ကြောင်း၊ မူလက ရပ်တန့်နေပြီး ရှေ့ဆက်ရန် အလွန်ခက်ခဲသော မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မလိုအပ်သော အနှောင့်အယှက်များလည်း ဖြစ်စေခဲ့ကြောင်း “ဝ” အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဝေဖန်ပြောဆိုသည့်အခါ သဘောတရား အယူအဆနှစ်ခုကို အားလုံးအနေဖြင့် ရှင်းလင်းစေရမည် ဖြစ်ကြောင်း၊ တစ်ခုသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (National Ceasefire - NC) ဖြစ်ပြီး နောက်တစ်ခုသည် စာချုပ်သဘောဆောင်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (National Ceasefire Agreement - NCA) ဖြစ်ကာ တစ်နည်းအားဖြင့် စာချုပ်သဘောဆောင်သည့် ပြည်ထောင်စုအစိုးရက လက်ရှိ တိုင်းရင်းသား လက်နက်ကိုက်အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် လက်မှတ်ရေးထိုးထားသော စာချုပ်ဖြစ်သဖြင့် အဆိုပါအယူအဆ နှစ်ခုကို ရောထွေး၍ ပြောဆိုမရကြောင်း UWSP ၏ ထုတ်ပြန်ချက်တွင် ရှင်းလင်းထားသည်။

UWSP (မူရင်းတွင် “ဝ” ပြည်နယ်ဟု သုံးနှုန်းထား) အနေဖြင့် NC ကို မည်သည့်အခါမှ မဆန့်ကျင်ခဲ့သော်လည်း စာချုပ်သဘောဆောင်သည့် (NCA) တွင် ပါရှိသော အချို့အချက်ကို မတူညီသည့် သဘောထားများ အမြဲရှိနေကြောင်း၊ အဆိုပါ အချို့အချက်များ၏ လွန်စွာ ချွတ်ယွင်းမှုကြောင့် မြန်မာနိုင်ငံအတွက် စစ်မှန်သော ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်ဟု သုံးသပ်မိကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ထို့ပြင် UWSP ၏ သဘောထား ရပ်တည်ချက်သည် မည်သည့်အခါမျှ ပြောင်းလဲခဲ့ခြင်း မရှိဘဲ NC ကိုလည်း မဆန့်ကျင်ခဲ့ကြောင်း၊ NCA စာချုပ်ပါ အချို့သောအချက်များနှင့် NCA စာချုပ်ဖြင့် ချည်နှောင်ထားသော “နိုင်ငံရေးဆွေးနွေးမှုမူဘောင်” ကို မိမိတို့အနေဖြင့် တစ်သမတ်တည်း ဆန့်ကျင်နေခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကို ကြိုးပမ်းဖော်ဆောင်ခြင်းမှာ UWSP ၏ မပြောင်းလဲသော သဘောထားရပ်တည်ချက် ဖြစ်ကြောင်းလည်း ရေးသားထားသည်။

ထို့အတူ လက်နက်အင်အားနှင့် စစ်ပွဲသည် မိမိတို့၏ ဦးစားပေးသော ရွေးချယ်မှု မဟုတ်ကြောင်း၊ လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်က စ၍ UWSP က အစိုးရနှင့် ဦးစွာငြိမ်းချမ်းရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားပြီး ဖြစ်ကြောင်း၊ ယခင်အစိုးရက ကတိဖျက်၍ “ဝ” ပြည်နယ်၏ ငြိမ်းချမ်းရေး ကတိဝန်ခံချက်ကို တစ်ဖက်သတ်ဖျောက်ဖျက်ပြီး UWSP အနေဖြင့် ပါဝင်ဆွေးနွေးမှု မရှိသည့် NCA ကို ဖန်တီးကာ ပါဝင် လက်မှတ်ရေးထိုးရန် တစ်ချိန်လုံး တိုက်တွန်းနေကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ တက်လာပြီးနောက် NCA ကို ဆက်ခံခဲ့ပြီး ထိုသို့ဆက်ခံခြင်းသည်လည်း UWSP နှင့် ပြည်ထောင်စုအစိုးရ၊ တပ်မတော်တို့အကြား ကြီးမားသည့် သဘောထားကွဲလွဲချက် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ သဘောထား ကွဲလွဲမှုကို မည်သို့ဖြတ်ကျော်၍ သုံးဦးသုံးဘက်မှ လက်ခံနိုင်သော မြန်မာနိုင်ငံမြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆွေးနွေးရန် အာမခံချက်ပေးသော စာချုပ်ရရှိရန်အတွက် ပထမဦးဆုံး အနေဖြင့် တွေ့ဆုံဆွေးနွေးခြင်းသာ ဖြစ်ကြောင်း၊ အဆိုပါကိစ္စရပ်သည် UWSP ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရနှင့် တပ်မတော်ဘက်မှ မဖြစ်မနေ လုပ်ရမည့်လုပ်ငန်းဖြစ်ပြီး သုံးဘက်၏ ဆက်သွယ်ရေးလမ်းကြောင်းလည်း ပွင့်နေကြောင်း၊ သို့ရာတွင် ထိုသို့ တွေ့ဆုံဆွေးနွေးမှုသည် UWSP က လက်ရှိ NCA ကို လက်ခံလိုက်ပြီဟု မှတ်ယူမရနိုင်ကြောင်း “ဝ” အဖွဲ့က ထုတ်ပြန်ချက်တွင် တုံ့ပြန်ထားသည်။

UWSP/UWSA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည်မှာ နှစ် ၂၀ ကျော် ကြာပြီဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် အစိုးရသစ်နှင့် အပစ်အခတ်ရပ်စဲရေး ထပ်မံပြုလုပ်ထားသော်လည်း NCA ရေးထိုးခြင်း မရှိသေးဘဲ NCA စာချုပ်အား လက်မခံကြောင်း ကြေညာထားသည့် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဖွဲ့စည်းထားသော FPNCC ကော်မတီဝင်အဖွဲ့ဝင်ဖြစ်ပြီး တရုတ်နိုင်ငံ အစိုးရနှင့်လည်း ဆက်ဆံရေးကောင်းမွန်သည့် အဖွဲ့ဖြစ်သည်။