ဂျပန်နိုင်ငံ JICA ချေးငွေဖြင့် မန္တလေးတိုင်းအတွင်းရှိ မြို့နယ် ၁၄ မြို့နယ်မှ တောင်သူ ၇၀ အား ကျပ်သန်း ၂၀၀၀ ကျော် ထုတ်ချေး

ဂျပန်နိုင်ငံ JICA ချေးငွေဖြင့် မန္တလေးတိုင်းအတွင်းရှိ မြို့နယ် ၁၄ မြို့နယ်မှ တောင်သူ ၇၀ အား ကျပ်သန်း ၂၀၀၀ ကျော် ထုတ်ချေး
Published 18 March 2018

မန္တလေးတိုင်းဒေသကြီးရှိ လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

ဂျပန်နိူင်ငံ JICA အထောက်အပံ့ချေးငွေဖြင့် မန္တလေးတိုင်းအတွင်းရှိ မြို့နယ် ၁၄ မြို့နယ်မှ တောင်သူ ၇၀ ကို လယ်ယာသုံး စက်ကိရိယာများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က Two Step Lone ဖြင့် ချေးငွေ ကျပ်သန်း ၂၀၀၀ ကျော်ကို တတိယအကြိမ်မြောက် ထုတ်ချေးပေးခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

အဆိုပါဂျပန်နိုင်ငံ JICA ချေးငွေအထောက်အပံ့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ (Two Step Lone) ချေးငွေဖြင့်ဝယ်ယူသည့် စက်ကရိယာများအား မန္တလေးတိုင်းဒေသကြီးတွင် တောင်သူများ ပေးအပ်ခြင်း ဒုတိယအကြိမ် အခမ်းအနားကို ပုသိမ်ကြီးမြို့နယ် တောင်သူ ဦးမျိုးသန့်ခြံတွင် မတ်လပထမပတ်က မြို့နယ် ၁၄ မြို့နယ် တောင်သူ ၇၀ ဦးကို စက်စီးရေ ၇၀ စီးအတွက် ကျပ်သန်း ၂၃၃၁ ဒသမ ၇၀ သန်း ထုတ်ချေးပေးခဲ့သည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မန္တလေးဘဏ်ခွဲ) တိုင်းမန်နေဂျာဦးဝင်းမြင့်က ပြောကြားသည်။

“ကျွန်တော်တို့ လယ်ယာဖွံဖြိုးရေးဘဏ်ကနေ ဂျပန်နိုင်ငံအထောက်အပံ့နဲ့ လယ်ယာသုံး စက်ကိရိယာတွေ ဝယ်ယူဖို့ ချေးငွေတွေကို တိုင်းအတွင်းမှာရှိတဲ့ တောင်သူလယ်သမားများအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် သိရှိသဘောပေါက်ပြီးတော့ စက်ကိရိယာတွေကိုလည်း တစ်စုတစ်ဝေးစုံစုံလင်လင် ကြည့်ရှုလေ့လာနိုင်အောင် ဒီလိုပေးအပ်ပွဲ ပြုလုပ်ခြင်းအားဖြင့် မရရှိသေးတဲ့ တောင်သူတွေလည်း ရရှိလာမည့်အခွင့်အရေးတွေ သိရှိအောင် ဒီပွဲကိုကျင်းပပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ တိုင်းအနေနဲ့ ဒီပွဲပြုလုပ်တာက ဒုတိယအကြိမ်မြောက် ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ပထမအကြိမ် ကျင်းပပြုလုပ်ချိန်က မြို့နယ်နှစ်မြို့နယ်က တောင်သူကိုးဦးကို ချေးငွေ  ၂၄၄ ဒသမ ၄၅ သန်း ထုတ်ချေးပေးနိုင်ခဲ့တယ်။ ယနေ့အချိန်မှာ တတိယအကြိမ်မြောက် မြို့နယ် ၁၄ မြို့နယ် ကျေးရွာအုပ်စု ၅၃ အုပ်စု မှ တောင်သူ ၇၀ ဦးကို စုစုပေါင်း ကျပ် ၂၃၃၁ ဒသမ ၇၀ သန်းတန်ဖိုးရှိတဲ့ စက်တွေ ကျွန်တော်တို့ ပေးအပ်တာ ဖြစ်ပါတယ်။ တိုင်းအနေနဲ့ ယနေ့အချိန်ထိမြို့နယ် ၁၆ မြို့နယ်၊ ကျေးရွာ ၉၀၊  တောင်သူ ၁၁၂ ဦး၊ စက်အစီး ရေ ၁၁၂ စီးအတွက် တန်ဖိုးငွေ ကျပ် ၃၆၂၇ ဒသမ ၄၄ သန်းတန်တဲ့ စက်တွေကို ကျွန်တော်တို့ ထုတ်ချေးပေးနိုင်ပြီး ဖြစ်ပါတယ်။ နောင်လာမည့် ကာလမှာလည်း ယခုထက်ပိုမိုပြီးတော့ တိုးချဲ့ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိတယ်” ဟု မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ် (မန္တလေးဘဏ်ခွဲ) တိုင်းမန်နေဂျာ ဦးဝင်းမြင့်က ပြောကြားသည်။

ဂျပန်နိုင်ငံ JICA ချေးငွေအထောက်အပံ့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ (Two Step Lone ) ချေးငွေဖြင့် ဝယ်ယူသည် စက်ကိရိယာများအား စက်တန်ဖိုးလိုက်ပြီး နှစ်ရှည်ချေးငွေ ငါးနှစ်ချေးနှင့် နှစ်တိုးချေးငွေ သုံးနှစ်ချေးဖြင့် တစ်နှစ်တစ်ကြိမ် အတိုးနှုန်းသွင်းရမည်။

မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ဂျပန်နိုင်ငံ ထောက်ပံ့ချေးငွေဖြင့် နှစ်ဆင့်ချေးငွေကို ပထမအကြိမ်တွင် မြို့နယ် နှစ်မြို့နယ်မှ ကျေးရွာရှစ်ရွာမှ တောင်သူကိုးဦးကို ချေးငွေ ကျပ် ၂၄၄ ဒသမ ၄၅ သန်းကိုလည်းကောင်း ဒုတိယအကြိမ်တွင် မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာ ၂၉ ရွာမှ တောင်သူ ၃၃ ဦးကို ချေးငွေ ကျပ် ၁၀၅၁ ဒသမ ၂၉ သန်းကိုလည်းကောင်း တတိယအကြိမ်တွင် မြို့နယ် ၁၄ မြို့နယ် ကျေးရွာ ၅၃ ရွာမှ တောင်သူ ၇၀ ကို ချေးငွေ ကျပ် ၂၃၃၁ ဒသမ ၇၀ သန်း စုစုပေါင်းအနေဖြင့် မြို့နယ် ၂၇ မြို့နယ် ကျေးရွာ ၉၀ မှ တောင်သူ ၁၁၂ ဦးကို စက်ကိရိယာတန်ဖိုး ချေးငွေ ကျပ် ၃၆၂၇ ဒသမ ၄၄ သန်းကို ထုတ်ချေးထားကြောင်း သိရသည်။

ပြည်ထောင်စုလွတ်တော်၏ အတည်ပြုချက်ဖြင့် JICA (Two Step Lone ) ချေးငွေ ရယူရန်ကိစ္စအား ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်၌ ကျင်းပပြုလုပ်သော ဒုတိယအကြိမ်  ပြည်ထောင်စုလွတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့တွင် အတည်ပြုခဲ့သည်။ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ပြည်မြို့နယ်  ပိုင်းလော့ပရောဂျက်အဖြစ် ၂၀၁၇ ခုနှစ် ဇူလိုင် ၂၃ ရက်၌ စတင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် နေပြည်တော်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးကို  ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ချေးငွေထုတ်ချေးမည်ဟု သိရသည်။