<

မိုးကုတ် နှစ် (၈၀၀) ပြည့်ပွဲတွင် နိုင်ငံခြားသားခရီးသည်များ လွတ်လပ်စွာသွားလာခွင့်ကို သုံးရက်တာခွင့်ပြု

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့ မုံကွင်းတွင် ကျင်းပမည့် မိုးကုတ် နှစ် ၈၀၀ ပြည့်ပွဲတော်သို့ ပွဲတော်ကာလ ဖြစ်သည့် မတ် ၂၉ မှ ၃၁ ရက်အထိ သုံးရက်တာ ကာလအတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လည်ပတ်ခွင့်ပြုထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါ နိုင်ငံခြားသားခရီးသွားဧည့်သည်များ ပုံမှန်အားဖြင့် မိုးကုတ်မြို့ကို  ခွင့်ပြုချက်တင်ပြီးမှ သွားရောက်လည်ပတ်ခွင့်ရှိသည့် ဒေသတစ်ခုဖြစ်ပြီး မိုးကုတ်နှစ် ၈၀၀ ရာ ပြည့်ပွဲအား ခွင့်ပြုထားသည့် မိုးကုတ်မတ္တရာ သပိတ်ကျင်း မိုးကုတ်လမ်းကြောင်းအတိုင်းသာ သွားရောက်ရမည်ဖြစ်သည်။

မိုးကုတ်နှစ် ၈၀၀ ပြည့်ပွဲတော်သို့ နိုင်ငံခြားသား ၀င်ခွင့်ကို ပွဲတော်မတိုင်ခင်ငါးလလောက်မှစ၍ ကြိုတင်တောင်းထားရာ ယခုကဲ့သို့ ရက်ကပ်ပြီး ခွင့်ပြုသောကြောင့် အစားအသောက်နှင့် သွားလာရေး အဆင်ပြေနိုင်ပြီး နေထိုင်မှု အဆင်မပြေနိုင်ကြောင်း မိုးကုတ် မြို့နှစ် ၈၀၀ ပြည့် ကျင်းပရေးကော်မတီ၏ ပြန်ကြားရေး ကိုမင်းသူရက ပြောကြားသည်။

“ကျွန်တော်တို့က နိုင်ငံခြားဝင်ခွင့်ကို အစောကြီး ပွဲတော်မစခင်က ကြိုတောင်းခံထားတယ်။ အဲဒီမှာ ဂိုက်သင်တန်းကအစ ဖွင့်ထားတယ်။ တည်းခိုခန်း၊ မိုတယ်၊ ဟိုတယ်တွေလည်း ပြည့်နေတယ်။ ကျန်တဲ့ လည်ပတ်ရေး စားသောက်ရေး အကုန်အဆင်ပြေမယ်။ နေထိုင်ရေးတစ်ခုကျတော့ အဆင်မပြေနိုင်ဘူး။ လုံခြုံရေးအနေနဲ့ နယ်မြေဗျူဟာကလည်း အကုန်စီစဉ်ပေးထားတာ ရှိမယ်။ ရဲတပ်ရင်းကလည်း လုံခြုံရေး ပေးထားတာရှိတယ်။ မိုးကုတ်မှာရှိတဲ့ မီးသတ်၊ ကြက်ခြေနီ၊ မြို့က လုပ်အားပေး လူငယ်တွေနဲ့လည်း လုံခြုံရေးကို Safe ဖြစ်အောင်လုပ်ထားတယ်။ နိုင်ငံခြားသား ၀င်ခွင့်တောင်းခံထားတာ ရက်ကပ်မှ ရတာကြောင့် တကယ်လာချင်သူတွေ လာခွင့်မရတဲ့အတွက် စိတ်မကောင်းဘူးပေါ့”  ဟု ကိုမင်းသူရက ဆက်လက်ပြောကြားသည်။

မိုးကုတ်နှစ် ၈၀၀ ပြည့် ပွဲတော်ကို စည်းကားစေချင်တဲ့အတွက် ဧည့်သည်တွေ လာစေချင်သောကြောင့် ယာယီ ခွင့်ပြုပေးသည့် သဘောဖြစ်ကြောင်း မိုးကုတ်ခရီးစဉ်မှာ ပုံမှန်အားဖြင့် နိုင်ငံခြားသား သွားလာခွင့် ခွင့်မပြုသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ပွဲတော် ရက်သုံးရက်တာ ခွင့်ပြုထားသည့် ရက်နည်းကြောင်း၊ တစ်ပတ် ၁၀ ရက် ကြိုတင်သွားလာ လည်ပတ်ခွင့်ရလျှင် ပို၍အဆင်ပြေနိုင်သည်ဟု မြန်မာနိုင်ငံ ခရီးသွားအသင်း တွဲဖက်အတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ဆိုသည်။

မိုးကုတ်မြို့နှစ် ၈၀၀ ပြည့်ပွဲကို မတ် ၂၉၊ ၃၀၊ ၃၁ ရက်တွင် မိုးကုတ်မြို့ မုံကွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

March 16, 2018














Copy Protected by Chetan's WP-Copyprotect.