စစ်ကိုင်းတောင် အတက်လမ်းဘေး မြေခုနစ်ဧကကျော်အား တစ်ဦးတည်း ဂရန်ချထားပေးမှုကို ပြန်လည်စိစစ်ပေးရန် တင်ပြထား

စစ်ကိုင်းတောင် အတက်လမ်းဘေး မြေခုနစ်ဧကကျော်အား တစ်ဦးတည်း ဂရန်ချထားပေးမှုကို ပြန်လည်စိစစ်ပေးရန် တင်ပြထား
Published 17 March 2018

စစ်ကိုင်းတောင်တက်လမ်း တစ်နေရာကို တွေ့ရစဉ်

စစ်ကိုင်းတောင်အတက်လမ်းဘေး မြေခုနစ်ဧကကျော်အား တစ်ဦးတည်းဂရန်ချထားပေးမှုကို ပြန်လည်စိစစ်ပေးရန် ဒေသခံများက စစ်ကိုင်းမြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီထံ တင်ပြထားကြောင်း သိရသည်။

စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်၊ ဆန်းသစ်ရပ် စစ်ကိုင်းတောင်အတက်လမ်း (ဆွမ်းဦးပုညရှင်အတက်လမ်း) ဘေးရှိ ကွင်းအမှတ် (၇၈၈) ဦးပိုင်အမှတ် ၁၉/၁ မြေ ၁ ဒသမ ၀၂ ဧက နှင့်  ၤ၅၄ ဧရိယာ မြေ ၆ ဒသမ ၅၁ အား ၂၀၁၀ ပြည့်နှစ်တွင် စစ်ကိုင်းခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ မှ ကောင်းမြန်မာအောင်ကုမ္ပဏီအား ပန်းပုလက်ရာ အရောင်းပြခန်းပြုလုပ်ရန် နှစ် ၃၀ မြေငှားဂရန်ချထားပေးခဲ့ကြောင်း၊ ယခု လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း မပြုဘဲ သံဆူးကြိုးများ ကာရံခတ်ထားသောကြောင့် ဒေသခံများက အဆိုပါမြေနေရာအား ဂရန်ချထားပေးမှုအပေါ် ပြန်လည်စိစစ်ပေးရန် တင်ပြထားကြောင်း သိရသည်။

“လုပ်ငန်းအကောင်အထည်ဖော် ဆောင် ရွက်ခြင်းမရှိဘဲ သံဆူးကြိုးတွေကာထားတယ်။ ဒီမြေနေရာက အရင်က ယာမြေတွေပေါ့။ နဝတအစိုးရလက်ထက် သစ်တောပိုင်မြေဖြစ် သွားတယ်။ ဒီနေရာကို ဓမ္မစကြာဥယျာဉ်လုပ်ဖို့ လျာထားကြပေမယ့် ကံတလူနားကို ဓမ္မစကြာ ဥယျာဉ်ရောက်သွားတော့ သစ်တောက ကိုးခရိုင်စိမ်းလန်းစိုပြေရေးဆိုပြီး ဆက်လက်ထိန်းသိမ်းခဲ့တယ်။၂၀၁၀ နောက်မှာ တစ်ဦး တည်းကို ချထားပေးလိုက်တယ်လို့ သိခဲ့တယ်။ ဒီနေရာက စစ်ကိုင်းတောင်ကို စတက်တဲ့နေရာကောင်းပေါ့။ ဒေသခံတွေအတွက် နစ်နာတယ်။ဒါကြောင့် မြို့နယ်ကိုတင်ပြထားပါတယ်။ ဒီနေရာက အစိုးရရဲ့ စီမံခန့်ခွဲမှု အောက်ပဲ ရှိသင့်တဲ့မြေနေရာပါ” ဟု သောတာပန်ရပ်ကွက်မှ ဦးကျော်ဆန်းက ပြောကြားသည်။

သံဆူးကြိုးခတ်ထားသော မြေနေရာထဲ၌ ယာမြေနှစ်ဧက ပါဝင်သောကြောင့် မြေယာပိုင်ဆိုင်သူနှစ်ဦးကလည်း ပြန်လည်စိစစ်ပေးရန် စစ်ကိုင်းမြို့နယ် လယ်ယာမြေနှင့်အခြား မြေများသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီထံ တင်ပြထားကြောင်း သိရပြီး  အဆိုပါမြေနေရာသည် စစ်ကိုင်းတောင်သို့ နဝတ၊ နအဖအစိုးရအဖွဲ့ဝင်များ လာရောက်သည့်အခါ ဟက်စကီးကွင်းအဖြစ် အသုံးပြုခဲ့သောမြေနေရာဖြစ်ကြောင်း သိရသည်။

“ဒေသခံတွေတင်ပြချက်ကို ပြန်လည်စိစစ်တော့ ဒီမြေနေရာက စီမံကိန်းအကောင် အထည်မဖော်ခြင်း၊ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းမရှိခြင်း၊ ဒေသအကျိုးစီးပွား မဖြစ်ထွန်းခြင်း၊ အငြင်းပွားဖွယ်မြေယာပိုင်သူရှိ နေခြင်းတွေကိုတွေ့ရှိရတယ်။ ခရိုင်နဲ့ တိုင်းကိုဆက်တင်ပြထားပါတယ်”  ဟု စစ်ကိုင်းမြို့နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ  အဖွဲ့ဝင် ဦးခင်မောင်လတ်က ပြောကြားသည်။

Most Read

Most Recent