ပြည်ခိုင်ဖြိုးပါတီတွင် ပါတီဝင် ငါးသန်းကျော်ရှိပြီး အငြိမ်းစားတပ်မတော်သား ၀ ဒသမ ၀၂ ရာခိုင်နှုန်းရှိကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူများ ပြောကြား

ပြည်ခိုင်ဖြိုးပါတီတွင် ပါတီဝင် ငါးသန်းကျော်ရှိပြီး အငြိမ်းစားတပ်မတော်သား ၀ ဒသမ ၀၂ ရာခိုင်နှုန်းရှိကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူများ ပြောကြား
Published 16 March 2018

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် ပါတီဝင်ငါးသန်းကျော်ရှိပြီး အငြိမ်းစားတပ်မတော်သား ပါဝင်မှုမှာ ၀ ဒသမ ၀၂ ရာခိုင်နှုန်းရှိကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူများက ပြောကြားသည်။

မတ် ၁၅ ရက်က နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပါတီပြောရေးဆိုခွင့်ရှိသူများက သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ထိုသို့ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ပါတီမှာရှိတဲ့အင်အားရဲ့ ၀ ဒသမ ၀၂ ရခိုင်နှုန်းပဲ တပ်မတော် (အငြိမ်းစား)အင်အားက ရှိပါတယ်။ ပြည်ခိုင်ဖြိုးအသင်းကြီးက လာတယ်ဆိုတာ မှန်ပါတယ်။ ပြည်ခိုင်ဖြိုးအသင်းဖွဲ့တုန်းကလည်း တပ်မတော်ကစပြီး ဦးဆောင်ပြီး ဖွဲ့ခဲ့တယ်။ ဒါလည်း လူမှုရေးအသင်းအနေနဲ့ ဖွဲ့ခဲ့တာပါ။ အဲဒီလိုဖွဲ့ခဲ့တုန်းကလည်း တစ်နိုင်ငံလုံးမှာရှိတဲ့ တပ်မတော်သား အကုန်ပါတာ မဟုတ်ပါဘူး။ တာဝန်ရှိတဲ့သူအချို့သာလျှင်ပါပြီး နာယကအနေနဲ့ ဆောင်ရွက်ပြီးတော့ ကျန်တာတွေအားလုံးသည် အရပ်သား၊ ကျောင်းသားလူငယ်၊ ဆရာ၊ ဆရာမတွေ အဲဒါတွေနဲ့ လူမှုရေးအသင်းစခဲ့တာ ဖြစ်ပါတယ်။ လူမှုရေးအသင်း ပီသစွာပဲ ချမှတ်ထားတဲ့ မူဝါဒငါးရပ်နဲ့အညီ တိုင်းပြည်ရေးလူမှုရေးကိစ္စတွေ အထင်ရှားဆုံးပြောရင်တော့ ပုဂံငလျင်၊ နာဂစ်တို့ အဲဒါတွေမှာဆိုရင် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့် နိုင်ငံတာကာက ဆယ်နှစ်ကြာမှပဲ ပြန်လည်တည်ဆောက်လို့ ပြီးမယ်ဆိုတဲ့ ကိစ္စရပ်တစ်ခုဟာ တစ်နှစ်၊ နှစ်နှစ်အတွင်း မူလအခြေအနေအတိုင်း ပြန်ရောက်သွားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံတော်မှာ နောင်ဆက်လက်ပြီး ဦးဆောင်တဲ့ကဏ္ဍတွေမှာ ဒီလိုအရည်အချင်းရှိတဲ့ လူငယ် လူရွယ်တွေက တိုင်းပြည်ကို ဦးဆောင်သွားနိုင်ရမယ်။ အဲဒီလို ဦးဆောင်သွားနိုင်တဲ့ အခန်းကဏ္ဍမှာ ပါအောင်ဆိုပြီးတော့ လူငယ် လူရွယ်အားလုံးကို နိုင်ငံခြားသင်တန်းရော၊ ပြည်တွင်းသင်တန်းရော မျိုးစုံလွှတ်ပြီး မွေးမြူခဲ့တာ ဖြစ်ပါတယ်။ မွေးမြူခဲ့ပြီးတော့ တပ်မတော်သည် ကာကွယ်ရေးတာဝန်ထမ်း ဆောင်မယ်။ လိုအပ်လို့ရှိရင် လိုအပ်တဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီးတော့ ပူးတွဲပြီးဆောင်ရွက်လာတာဖြစ်တဲ့ အတွက်ကြောင့် ဒီနေ့မှာတပ်မတော်ရဲ့ အင်အားသည် ကျွန်တော်တင်ပြခဲ့သလို ၀ ဒသမ ၀၂ ရာခိုင်နှုန်းပဲ ပါပါတယ်” ဟု ပါတီဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းက ပြောကြားသည်။

ပါတီဝင်အဖြစ် ဝင်ရောက်လိုပါက တပ်မတော်သားများ အပါအဝင် မည်သူမဆို လက်ခံမည်ဖြစ်ကာ ရွေးကောက်ပွဲတွင် တပ်မတော်သား အငြိမ်းစားဟုတ်ခြင်း၊ မဟုတ်ခြင်း အပေါ် မမူတည်ဘဲ ပါတီဝင်များနှင့် ဒေသခံ ပြည်သူလူထု ကြိုက်နှစ်သက်သူများကိုသာ ရွေးချယ်မည်ဖြစ်ပြီး အနိုင်ရရှိခြင်း ရှိမရှိသည် ပြည်သူအပေါ်သာ မူတည်ကြောင်း ပါတီကော်မတီအဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

ထို့ပြင် ပြည်ခိုင်ဖြိုးပါတီသည် ဘာသာရေးကို ခုတုံးလုပ်၍ နိုင်ငံရေးလုပ်နေသည့် ပါတီမဟုတ်ကြောင်း၊ ငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင်ရေးကိုသာ ဦးတည်ကြောင်း၊ မည်သည့်ဘာသာမဆို အကြမ်းဖက်မှုပြုလုပ်ပါက လက်ခံမည်မဟုတ်ကြောင်း ဦးလှသိန်းက ဆိုသည်။ သမ္မတဟောင်းဦးသိန်းစိန် အပါအဝင် ယခင်ဦးဆောင်နာယကများသည် ပါတီဝင်အဖြစ်ရှိနေပြီး ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဆက်လက်ဝန်းရံမည်ဖြစ်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။

ထို့ပြင် ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် ပါတီဝင်သုံးသောင်းကျော် တိုးလာခဲ့ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ဆက်လက်ပြောကြားသည်။