နှစ်နှစ်ငါးလကျော်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်သတ်ဖြတ်သူကို ပြင်ဦးလွင်ခရိုင် တရားရုံး၌ ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထားမှုတွင် ရှေ့နေပါဝါတင်ပြခဲ့ပြီး အမှုအား ယနေ့ ဆက်လက်စစ်ဆေးမည်

နှစ်နှစ်ငါးလကျော်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်သတ်ဖြတ်သူကို ပြင်ဦးလွင်ခရိုင် တရားရုံး၌ ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထားမှုတွင် ရှေ့နေပါဝါတင်ပြခဲ့ပြီး အမှုအား ယနေ့ ဆက်လက်စစ်ဆေးမည်
Published 16 March 2018

မိန်းကလေးငယ်အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူ ဖြိုးထက်အောင်ကို မတ် ၁၅ ရက်က ပြင်ဦးလွင်ခရိုင် တရားရုံး၌ ရုံးထုတ်စဉ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် အသက်နှစ်နှစ် ငါးလကျော်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ ဖြိုးထက်အောင်ကို မတ် ၁၅ ရက် နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင် တရားရုံး၌ ရုံးထုတ်ခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆၊ ၃၀၂ တို့ဖြင့် တရားစွဲဆိုထားမှုကို တရားခံဘက်မှ ရှေ့နေပါဝါတင်ပြခဲ့ကာ အမှုကို မတ် ၁၆ ရက်(ယနေ့)တွင် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင်တရားရုံးမှ သိရသည်။

အသက် နှစ်နှစ်နှင့် ငါးလကျော်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် အမှုနှင့်ပတ်သက်၍ ပြင်ဦးလွင်ခရိုင် တရားရုံးက စတင်တရားစွဲဆိုခဲ့သည့် မတ် ၁၂ ရက်မှ စတင်ကာ အမှုရုံးချိန်းကို ရက်သတ္တပတ် တစ်ပတ်အတွင်း၌ပင် ရုံးချိန်းသုံးချိန်း ချိန်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယနေ့ မတ် ၁၆ ရက်တွင် အမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သူကို စတင်စစ်ဆေးသွားမည် ဖြစ်သည်။

အသက် နှစ်နှစ်နှင့်ငါးလကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ ဖြိုးထက်အောင်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်က မတ္တရာမြို့နယ် တရားရုံးတွင် ရုံးထုတ် ရမန်ယူခဲ့ပြီးနောက် မတ် ၁၂ ရက်တွင် ပြင်ဦးလွင်ခရိုင် တရားရုံးသို့ ပြောင်းရွှေ့ကာ ရာကြီးမှုအမှတ် ၃၉/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ မုဒိမ်းမှု ၃၇၆၊ လူသတ်မှု ၃၀၂ တို့ဖြင့် စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ တရားစွဲဆိုခဲ့ပြီးနောက် အမှုအား ရက်ပိုင်းအတွင်းပင် ပြင်ဦးလွင်ခရိုင် တရားရုံးက ပြန်လည်ချိန်းဆိုခဲ့ပြီး မတ် ၁၅ ရက် ရုံးချိန်းတွင် အမှုနှင့်ပတ်သက်၍ ရှေ့နေပါဝါ တင်ပြခဲ့ကာ အမှုကို မတ် ၁၆ ရက်သို့ ထပ်မံချိန်းဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်မကတော့ သူ့ကို သေဒဏ် ပြစ်ဒဏ်ပေးစေချင်တယ်။ တကယ်လို့ သေဒဏ်မချရင်တောင်မှ ကြီးမားတဲ့ နှစ်ရှည်ထောင်ဒဏ်တွေကို ချမှတ်ပေးစေချင်တယ်။ လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့ ပြန်လွတ်လာမှာကိုလည်း မလိုလားဘူး။ သူ့ရဲ့မျက်နှာကို ကျွန်မတို့ဒေသမှာ ပြန်ပြီးတော့ မမြင်ချင်တော့ဘူး။ အခုအထိ ကျွန်မ ရင်ထဲမှာ နာနေတုန်းပါ။ အရမ်းခံစားနေရတယ်။ ဒါကြောင့် အမှုကိုလည်း အမြန်ဆုံးဥပဒေနဲ့အညီ ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်ပေးစေချင်တယ်” ဟု အဓမ္မပြုကျင့် သတ်ဖြတ်ခြင်းခံခဲ့ရသည့် မိန်းကလေးငယ်၏ မိခင်ဖြစ်သူ ဒေါ်သက်မာစိုးက ပြောကြားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၃ ရက်က မတ္တရာမြို့နယ်၊ ဥဒိန်ကျေးရွာအုပ်စု၊ မြွေကူးတိုးဆိပ်ကျေးရွာနေ အသက်နှစ်နှစ်ကျော် အရွယ် မိန်းကလေးငယ်အား ဝန်စုကျေးရွာနေ အသက် ၂၅ နှစ်အရွယ် ဖြိုးထက်အောင်က ကလေးငယ်အား ပွေ့ချီ၍ ကျေးရွာအနီးရှိ ငှက်ပျောတောထဲတွင် အဓမ္မပြုကျင့်၍ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ကလေးငယ်ကို အဓမ္မပြုကျင့်ရာတွင် ကလေးငယ်၏ ပါးစပ်အတွင်းသို့ ငှက်ပျောသီးများ အပြည့်ထည့်၍ ကလေးငယ်မ အော်ဟစ်နိုင်ရန်အတွက် ပြုလုပ်ခဲ့ပြီး ကလေးငယ်ကို သတ်ဖြတ်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အခင်းဖြစ်စဉ် မှတ်တမ်းများအရ သိရသည်။ ထိုသို့ ကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူ ဖြိုးထက်အောင်ကို ရေနံ့သာနယ်မြေရဲစခန်း က (ပ)၂၆/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။