ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းခဲ့သည့် မြောက်ဦးမြို့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့အား မြောက်ဦးမြို့ ဖြစ်စဉ်ကို စုံစမ်းလေ့လာရေးအဖွဲ့ဟု ပြင်ဆင်ပြောင်းလဲ

ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းခဲ့သည့် မြောက်ဦးမြို့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့အား မြောက်ဦးမြို့ ဖြစ်စဉ်ကို စုံစမ်းလေ့လာရေးအဖွဲ့ဟု ပြင်ဆင်ပြောင်းလဲ
Published 14 March 2018

ရခိုင်ပြည်နယ်လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ပဉ္စမနေ့ကျင်းပနေစဉ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သော မြောက်ဦးမြို့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရေး အဖွဲ့အား မြောက်ဦးမြို့ ဖြစ်စဉ်ကို စုံစမ်းလေ့လာရေးအဖွဲ့ဟု ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ပဉ္စမနေ့တွင် ပြင်ဆင်ပြောင်းလဲခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့တွင် ဇန်နဝါရီ ၁၆ ရက်က စာပေဟောပြောပွဲ မပြုလုပ်ရသည့်ကိစ္စမှတစ်ဆင့် လူစုလူဝေး ဖြစ်ပေါ်ကာ ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ခုနစ်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး နောက် ယင်းဒဏ်ရာရရှိသူများအနက် ရှစ်ဦးကို ရဲတပ်ဖွဲ့က အမှုဖွင့်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် စုံစမ်းရေးအဖွဲ့တစ်ခု ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“တကယ်တော့ ကျွန်တော်တို့အနေနဲ့ စုံစမ်းစစ်ဆေးပိုင်ခွင့် မရှိပါဘူး။ စုံစမ်းလေ့လာလို့သာ ရပါတယ်။ လွှတ်တော်ဘက်က အဲဒီစကားလုံးတစ်လုံး မှားနေတာပေါ့။ အဲဒီ ကိစ္စကိုလည်း ပြည်နယ်အစိုးရအဖွဲ့က ကန့် ကွက်တယ်။ ဒါပေမဲ့ တိုက်ရိုက်ကန့်ကွက်လို့တော့ မရဘူး။ ပြည်ထောင်စုဖွဲ့စည်းပုံခုံရုံးကို တင်ရမှာဖြစ်တယ်။ လွှတ်တော်ကို တိုက်ရိုက်ကန့်ကွက်တယ်ဆိုတော့ အဲဒီအချက်မှာ အစိုးရက မှားတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်က မှားနေတဲ့ စကားလုံးကို ကျွန်တော်တို့ပြင်ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် စစ်ဆေးရေးဆိုတဲ့ ခေါင်းစဉ်ကို လေ့လာရေးဆိုပြီး ပြောင်းလဲဖို့ သဘောတူလိုက်တာ ဖြစ်ပါ တယ်။ နောက်ပြီး အခုဆိုရင် အဖွဲ့အနေနဲ့လည်း လုပ်ပိုင်ခွင့်တွေ ရရှိသွားပြီ ဖြစ်ပါတယ်” ဟုလေ့လာရေးအဖွဲ့၏ အတွင်းရေးမှူး ဦးထွန်းသာစိန်က ပြောကြားသည်။

သို့သော်လည်း မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ် လွှတ်တော်က ဖွဲ့စည်းထားသော စုံစမ်းလေ့လာရေးအဖွဲ့အနေဖြင့် ယခုသတ္တမပုံမှန် အစည်းအဝေး အပြီးတွင် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသူများကိုလည်း လေ့လာကာ ကူညီနိုင်သလောက် ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

“အခုလွှတ်တော်ပြီးသွားရင် မြောက်ဦးအထိ ကွင်းဆင်းလေ့လာမှုတွေလုပ်မယ်။ ကျွန်တော်တို့အနေနဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို လုပ်ဆောင်တာ ဖြစ်တဲ့အတွက် အစိုးရအနေနဲ့လည်း တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို လိုလားမှာ ဖြစ်တယ်လို့ ယုံကြည်တယ်။ အစိုးရအနေနဲ့လည်း ပါဝင်ကူညီလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ပြီး ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အဓိကရုဏ်းနှိမ်နင်းတဲ့ အချိန်မှာ ဥပဒေအတိုင်း နှိမ်နင်းခဲ့သလား။ အဆင့်ဆင့်ကို ဆောင်ရွက်ခဲ့သလား ဆိုတာကိုလည်း စုံစမ်းလေ့လာသွားမှာြ ဖစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

မြောက်ဦးဖြစ်စဉ် အပြီးတွင် မြောက်ဦး မြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် လုပ်ကြံသတ်ဖြတ် ခံခဲ့ရပြီး စုံစမ်းစစ်ဆေး ဖော်ထုတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။