တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် ရန်ကုန်တိုင်းဒေသကြီးတွင် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ နှစ်သောင်းကျော် ထုတ်ပေးထားပြီး နှစ်ရက်အတွင်း လျှောက်လွှာပြန်တင်သူ တစ်သောင်းနီးပါးရှိ

တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် ရန်ကုန်တိုင်းဒေသကြီးတွင် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ နှစ်သောင်းကျော် ထုတ်ပေးထားပြီး နှစ်ရက်အတွင်း လျှောက်လွှာပြန်တင်သူ တစ်သောင်းနီးပါးရှိ
Published 14 March 2018

တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်ရန် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်နေကြသူများကို မတ် ၁၃ ရက်က တွေ့ရစဉ်

တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးတွင် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ ၂၀၀၀၀ ကျော်ထုတ်ပေးထားပြီး နှစ်ရက်အတွင်း လျှောက်လွှာပြန်တင်သူ ၁၀၀၀၀ နီးပါးရှိကြောင်း မတ် ၁၃ ရက်တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သိရသည်။

တောင်ကိုရီးယား-မြန်မာနှစ်နိုင်ငံ ချိတ်ဆက်မှုဖြင့် ကိုရီးယားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် အလုပ်လုပ်ရန် မြန်မာလုပ်သားများကို ၂၀၁၁ ခုနှစ်ကတည်းက စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်း တောင်ကိုရီးယားသို့ စေလွှတ်ရန်အတွက် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတွင် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများထုတ်ပေးခြင်းနှင့် လျှောက်လွှာပြန်တင်ခြင်းကို မတ် ၁၂ ရက်မှ မတ် ၁၅ ရက်အထိ လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်က တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများကို ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံပင်လုံအလုပ်သမား သင်တန်းကျောင်းတစ်ခုတည်း၌သာ ထုတ်ပေးခဲ့ပြီး လူပေါင်း ၃၃၀၀၀ ကျော်အထိ လာရောက်ထုတ်ယူသဖြင့် လူများစုံပြုံတိုးဝှေ့ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းတို့ ဖြစ်ပွားခဲ့သည်။ ယခုနှစ်တွင် ယင်းကဲ့သို့ဖြစ်ပွားခြင်းမရှိစေရန် ကိုရီးယားဘာသာစကား သင်သင်တန်းကျောင်းများသို့ လျှောက်လွှာများ ကြိုတင်ထုတ်ပေးခြင်းနှင့် ရန်ကုန်တိုင်းနှင့် မန္တလေးတို့တွင် နှစ်နေရာခွဲ၍ လျှောက်လွှာထုတ်ယူခြင်းနှင့် လျှောက်လွှာတင်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“ပြီးခဲ့တဲ့နှစ်မှာ အခက်အခဲတွေရှိခဲ့တဲ့အတွက် ဒီနှစ်မှာတော့ ကျွန်တော်တို့က ပိုပြီးစနစ်ကျအောင် စီစဉ်တဲ့အတွက် အဆင်ပြေပါတယ်။ မနေ့က (မတ် ၁၂ ရက်) လျှောက်လွှာလာထုတ်သူ ၄၃၀၀ ကျော်ရှိပြီး လျှောက်လွှာလာတင်သူ ၄၉၀၀ ကျော်ရှိပါတယ်။ ဒီနေ့မှာတော့ လျှောက်လွှာလာထုတ်ယူ ၁၃၀၀ ကျော်ရှိပြီး လက်ရှိအချိန်ထိ လျှောက်လွှာပြန်တင်တဲ့သူ ၄၇၀၀ ကျော်လောက်ရှိပါပြီ” ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးမှ တိုင်းဦးစီးမှူး ဦးကိုကိုလင်းက ပြောကြားသည်။

နှစ်ရက်အတွင်း လျှောက်လွှာလာထုတ်သူဦးရေနှင့် သင်တန်းကျောင်းများတွင် လျှောက်လွှာကြိုတင်ထုတ်ပေးထားသူဦးရေ ၂၀၀၀၀ ကျော်ရှိပြီဖြစ်ပြီး လျှောက်လွှာလာတင်မှုမှာ နှစ်ရက်အတွင်း ၁၀၀၀၀ ဝန်းကျင်ရှိပြီဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားသို့ သွားရောက်လိုသူများအနေဖြင့် မတ် ၁၅ ရက်အထိ လျှောက်လွှာထုတ်ယူခြင်းနှင့် လျှောက်လွှာတင်ခြင်းများ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ယင်းကဲ့သို့ လျှောက်လွှာထုတ်ယူခြင်းနှင့် လျှောက်လွှာတင်သွင်းခြင်းကိစ္စများတွင် အဆင်ပြေမှုရှိစေရန် စီစဉ်ပေးထားသော်လည်း အခက်အခဲအချို့ ရှိနေဆဲဖြစ်ကြောင်း လျှောက်လွှာတင်သူတစ်ဦးက ပြောကြားသည်။

“အခက်အခဲ ဖြစ်တာကတော့ ဒေါ်လာလဲတဲ့ကိစ္စပေါ့။ ကျွန်တော်တို့သင်တန်းက ၂၅ ယောက်တစ်ဖွဲ့ကို တစ်ယောက် ၂၄ ဒေါ်လာနဲ့ ၂၅ ယောက်အဖွဲ့အတွက် ဒေါ်လာ ၆၀၀ စီစဉ်ပေးလိုက်ပေမယ့် ဒီရောက်တော့ အဲဒီလိုသွင်းလို့မရဘူးတဲ့။ တစ်ယောက်ချင်းစီ ၂၄ ဒေါ်လာဆိုတော့ မကြာသင့်ဘဲ ကြာသွားတာပေါ့” ဟု သထုံမြို့မှ လာရောက်လျှောက်လွှာတင်သူ ကိုဝင်းလွင်ဦးက ပြောကြားသည်။