မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာဘီလျံ ၃၀ ကျော်ရှိလာပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၃ ဒသမ ၇ ဘီလျံ ဖြစ်ပေါ်

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာဘီလျံ ၃၀ ကျော်ရှိလာပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၃ ဒသမ ၇ ဘီလျံ ဖြစ်ပေါ်
Published 14 March 2018

ရန်ကုန်မြို့ကမ်းနားလမ်းရှိ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာဘီလျံ ၃၀ ကျော်ရှိလာပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကျော် ဖြစ်ပေါ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကုန်သွယ်မှုဆိုင်ရာစာရင်းများအရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၃ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၃၀၁၉၃ ဒသမ ၆၅၇ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၃၉၈၄ ဒသမ ၇၄၁ သန်းပိုမိုခဲ့ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် မတ် ၃ ရက်အထိ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာဘီလျံ ၃၀ ကျော်တွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ကုန်သွယ်မှုပမာဏဒေါ်လာ ၂၂၆၀၀ ဒသမ ၇၇၂ သန်းနှင့် နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၇၅၉၂ ဒသမ ၈၈၅ သန်းပါဝင်ကြောင်း သိရသည်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၃၄၅၃ ဒသမ ၀၁၀ သန်းပိုမိုခဲ့ပြီး နယ်စပ်ကုန်သွယ်မှုပမာဏမှာမူ ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၅၃၁ ဒသမ ၇၃၁ သန်းပိုမိုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရသည်။

လက်ရှိဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏ ဒေါ်လာဘီလျံ ၃၀ ကျော်တွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၃၂၁၅ ဒသမ ၄၀၅ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၆၉၇၈ ဒသမ ၂၅၂ သန်း ပါဝင်ကြောင်း သိရသည်။ သွင်းကုန်တန်ဖိုးမှာ ပို့ကုန်တန်ဖိုးထက် များပြားနေသဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၃၇၆၂ ဒသမ ၈၄၇ သန်းဖြစ်ပေါ်နေကြောင်း သိရသည်။ ယခင်ဘဏ္ဍာနှစ် ကာလတူတွင်မူ ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၄၄၆၁ ဒသမ ၅၀၆ သန်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉ ဘီလျံနှင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာတစ်ဘီလျံရှိမည်ဟု ခန့်မှန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေအဆိုပြု တင်ပြချက်အနှစ်ချုပ်တွင် ဖော်ပြထားချက်အရ သိရသည်။

အဆိုပါဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန် တန်ဖိုး ဒေါ်လာသန်း ၁၄၀၀၀ နှင့် သွင်းကုန် တန်ဖိုးဒေါ်လာ သန်း ၁၅၀၀၀ ဟုခန့်မှန်းထားသဖြင့် ကုန်သွယ်မှုပမာဏမှာ ဒေါ်လာသန်း ၂၉၀၀၀ ဖြစ်ပြီး ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာသန်း ၁၀၀၀ (တစ်ဘီလျံ) ဖြစ်မည်ဟု ခန့်မှန်းထားသည်။ လက်ရှိအခြေအနေအရ ကုန်သွယ်မှုပမာဏလျာထားချက်မှာ ကျော်လွန်ခဲ့သော်လည်း ပို့ကုန်တင်ပို့မှုလျာထားချက်မှာ ပြည့်မီရန်လိုအပ်နေကြောင်း သိရသည်။

ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် ကုန်သွယ်မှုစာရင်းများအရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၉၁ ဒသမ ၉ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၅၅၅ ဒသမ ၅ သန်းရှိခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၄၉၁၂ ဒသမ ၅၅၉ သန်းရှိခဲ့သည်။