အိမ်ရာမဝယ်ယူနိုင်သည့် ပြည်သူများ၊ ဝန်ထမ်းများအတွက် အငှားအိမ်ရာစနစ်ဖြင့် အများဆုံးငါးနှစ်အထိ ငှားရမ်းပေးမည့်အပြင် ၂၀၂၁ ခုနှစ် မတ်လမတိုင်မီ တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၁၁၂၉၂ ခန်းနှင့် တန်ဖိုးသင့်အိမ်ရာ အခန်းပေါင်း ၁၀၀၀၀ ကျော် တည်ဆောက်ရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေးဒုတိယဝန်ကြီး ပြောကြား

အိမ်ရာမဝယ်ယူနိုင်သည့် ပြည်သူများ၊ ဝန်ထမ်းများအတွက် အငှားအိမ်ရာစနစ်ဖြင့် အများဆုံးငါးနှစ်အထိ ငှားရမ်းပေးမည့်အပြင် ၂၀၂၁ ခုနှစ် မတ်လမတိုင်မီ တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၁၁၂၉၂ ခန်းနှင့် တန်ဖိုးသင့်အိမ်ရာ အခန်းပေါင်း ၁၀၀၀၀ ကျော် တည်ဆောက်ရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေးဒုတိယဝန်ကြီး ပြောကြား
Published 11 March 2018

အိမ်ရာမဝယ်ယူနိုင်သည့် ပြည်သူများ၊ ဝန်ထမ်းများအတွက် အငှားအိမ်ရာစနစ်ဖြင့် အများဆုံး ငါးနှစ်အထိ ငှားရမ်းပေးမည့်အပြင် ၂၀၂၁ ခုနှစ် မတ်လမတိုင်မီ တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၁၁၂၉၂ ခန်းနှင့် တန်ဖိုးသင့်အိမ်ရာ အခန်းပေါင်း ၁၀၀၀၀ ကျော် တည်ဆောက်ရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

ဒုတိယဝန်ကြီးက နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် ဝန်ထမ်းအိမ်ရာ၊ ပြည်သူ့အိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရေး ဦးစီးကော်မတီကို ဖွဲ့စည်းပြီး ဆောင်ရွက်သွားမည့် အစီအစဉ်များ ရေးဆွဲထားပြီးဖြစ်ကြောင်း၊ အိမ်ရာလုံး၀ မဝယ်ယူနိုင်သည့် ပြည်သူများ၊ ဝန်ထမ်းများအတွက် အငှားအိမ်ရာစနစ်ဖြင့် အများဆုံး ငါးနှစ်အထိ ငှားပေးမည့် အစီအစဉ်ရှိပြီး ငှားရမ်းခများကိုလည်း သင့်တင့်သောနှုန်းထားဖြင့် သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ငါးနှစ်ပြည့်ပြီးပါက အငှားအိမ်ရာမှ အရောင်းအိမ်ရာသို့ ပြောင်းရွှေ့ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည်။

၂၀၁၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ နှစ် ၂၀ အတွင်း အိမ်ခန်းပေါင်း တစ်သန်း ဖော်ဆောင်မည့် စီမံချက်တွင် နိုင်ငံတော်အဆင့်သာမက ပုဂ္ဂလိက ကဏ္ဍကပါ ပူးပေါင်းကာ နှစ်ဦးနှစ်ဖက် အကျိုးတူ တည်ဆောက်မှသာလျှင် ပြည်သူများ၏ နေထိုင်ရေးကို အပြည့်အ၀ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

လက်ရှိတွင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းရှစ်ခုအနက် အိမ်ရာစီမံကိန်းငါးခုရှိ အခန်းပေါင်း ၁၄၉၅ ခန်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် တစ်ကြိမ်၊၂၀၁၇ ခုနှစ် သြဂုတ်တွင် တစ်ကြိမ်၊၂၀၁၈ ခုနှစ် မတ်တတိယပတ်တွင် လက်ကျန်အခန်း ၅၂၀ ကို ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း၊ စုစုပေါင်းရရှိမည့် အခန်း ၈၆၂၄ ခန်းအနက် ၃၈၆၈ အခန်းမှာ လက်ရှိ ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီး ကျန်ရှိသည့် အခန်း ၄၇၅၆ ခန်းမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ၁၀၀ ရာခိုင်နှုန်း ပြီးစီးမည်ဖြစ်ကြောင်း ဦးကျော်လင်းက ပြောကြားသည်။

“အဆိုပါ လက်ကျန်အခန်းတွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ညှိနှိုင်းပြီး ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် မတ်လမတိုင်မီ တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၁၁၂၉၂ခန်း၊ တန်ဖိုးသင့်အိမ်ရာ အခန်းပေါင်း ၁၀၀၀၀ ကျော် တည်ဆောက်သွားဖို့ စီစဉ် ဆောင်ရွက်ထားပါတယ်။ အချို့တန်ဖိုးသင့် အိမ်အခန်းတွေကို ODA ချေးငွေနဲ့ဝယ်ယူနိုင်ဖို့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

ထို့ပြင် အချို့မြို့များအနေဖြင့် လူဦးရေတိုးတက်လာနိုင်ပြီး လူဦးရေလျော့နည်းသွားသည့် မြို့များလည်း တွေ့ရှိရကြောင်း၊ မြို့များ၏ လူဦးရေ တိုးတက်လာနိုင်သည့် အပေါ်မူတည်၍ Town Planning များ၊ အိမ်ရာစီမံကိန်းများ ရေးဆွဲထားရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ထို့အတူ ဝင်ငွေနည်းပြည်သူများ အိမ်ရာဝယ်ယူနိုင်ရန် အတွက် ရန်ကုန်မြို့တွင် လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်စသည့် မြို့နယ်များရှိ နေရာများတွင်လည်းကောင်း၊ မန္တလေးမြို့တွင် မြရည်နန္ဒာ၊ မယ်ကင်ကုန်းစသည့် နေရာများတွင် လည်းကောင်း၊ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့များတွင်လည်း တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်း၍ ရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

ထို့ပြင် တစ်နိုင်ငံလုံးတွင် နှစ်အလိုက် အိမ်ရာထုတ်လုပ်မည့် အစီအစဉ်အနေဖြင့် တန်ဖိုးနည်းအိမ်ရာနှင့် တန်ဖိုးသင့်အိမ်ရာများကို ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းစသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် တိုက်လုံးရေ ၁၅၈ လုံး၊ အခန်းပေါင်း ၄,၅၅၀ ခန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် တိုက်လုံးရေ ၂၀၇ လုံး၊ အခန်းပေါင်း ၅,၉၀၈ ခန်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် တိုက်လုံးရေ ၄၀ လုံး၊ အခန်းပေါင်း ၁,၄၅၆ ခန်း စုစုပေါင်းတိုက်လုံးရေ ၄၀၅ လုံး၊ အခန်းပေါင်း ၁၁,၉၁၄ ခန်း ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဦးကျော်လင်းက ပြောကြားသည်။

ထို့အတူ ချေးငွေထုတ်ချေးမည့် အစီအစဉ်အနေဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (MOPF) မှ တာဝန်ခံချေးယူသူ (Borrower) အဖြစ်လည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ်မှ ကြားခံအဖွဲ့အစည်း (Executing Agency) အဖြစ်လည်းကောင်း တာဝန်ယူ၍ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ တစ်ဆင့် အိမ်ရာချေးငွေရယူသူများသို့ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးသွားမည်ဖြစ်ကြောင်း၊ အတိုးနှုန်း ခွဲဝေသတ်မှတ်ရာတွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက တစ်ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေးဘဏ်က သုံးရာခိုင်နှုန်း၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က သုံးရာခိုင်နှုန်းရယူမည်ဖြစ်ပြီး ကျန် ၁ ဒသမ ၅ ရာခိုင်နှုန်းကို သီးသန့်ရန်ပုံငွေ Reserve Account အဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင် ထိန်းသိမ်းထားရှိမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

“အိမ်ရာချေးငွေဖြင့် တန်ဖိုးနည်းအိမ်ရာ ဝယ်ယူလိုသူတွေဟာ လစဉ်မိသားစုတစ်စုလုံး ဝင်ငွေအနည်းဆုံး သုံးသိန်းရှိရမှာဖြစ်ပြီးတော့ တန်ဖိုးသင့်အိမ်ရာ ဝယ်ယူလိုသူတွေဟာ လစဉ်မိသားစု တစ်စုလုံး ဝင်ငွေအနည်းဆုံး ငါးသိန်းရှိရမှာ ဖြစ်ပါတယ်။ အိမ်ရာချေးငွေ ရယူသူများမှ ပေးဆပ်ရမည့် အစီအစဉ်မှာ အိမ်ရာချေးငွေဖြင့် အိမ်ရာဝယ်ယူသူတွေဟာ တိုက်ခန်းတန်ဖိုး၏ ရာခိုင်နှုန်း ၂၀ ကို ကနဦး ပေးသွင်းငွေ (Down Payment) အဖြစ် ပေးသွင်းရမှာဖြစ်ပြီး၊ ကျန်ရာခိုင်နှုန်း ၈၀ ကို တစ်နှစ်လျှင် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အနည်းဆုံး ၁၀ နှစ်မှ ၁၅ နှစ် ထုတ်ချေးပေးသွားမှာ ဖြစ်ပါတယ်။ ချေးငွေ အရင်းအတိုး ပြန်လည် ပေးသွင်းရန်နှင့်ပတ်သက်၍ မြန်မာ့စီးပွားရေးဘဏ်မှ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများ၊ JICA မှ ချမှတ်ထားသည့် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးကျော်လင်းက ပြောကြားသည်။

အိမ်ရာချေးငွေရယူသူများ (End Borrowers) ၏ ချေးငွေ ပြန်လည်ပေးဆပ်နိုင်စွမ်းကို စနစ်တကျ စိစစ်ပြီးမှသာ ထုတ်ချေးမည်ဖြစ်ပြီး ပျက်ကွက်မှုများ၊ ကြန့်ကြာမှုများရှိခဲ့ပါက မြန်မာ့စီးပွားရေးဘဏ်သို့ ချေးငွေပြန်လည်ပေးဆပ်ခြင်းကို ထိခိုက်မှုမရှိစေဘဲ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ အစီအစဉ်ဖြင့် သတ်မှတ်ကာလအတွင်း မပျက်မကွက် ပြန်လည်ပေးဆပ်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများ အားလုံးသက်သာသော အတိုးနှုန်းထားဖြင့် နှစ်ရှည်ပေးဆပ်ရင်း အိမ်ရာပိုင်ဆိုင်ခွင့်ရရှိခြင်း၊ အိမ်ရာဘဏ္ဍာငွေကြေးစနစ် ဖွံ့ဖြိုးတိုးတက်လာခြင်း၊ အရည်အသွေး ပြည့်ဝကောင်းမွန်သော အိမ်ရာများ ပေါ်ထွက်လာပြီး ဈေးကွက်လိုအပ်ချက်နှင့်အညီ အိမ်ခန်းများ ဝယ်လိုအားပေါ် အခြေပြု၍ ဆောက်လုပ်နိုင်ခြင်းဖြင့် ငွေသားစီးဆင်းမှုကို လျင်မြန်စေမည်ဖြစ်ခြင်း၊ အိမ်ရာကဏ္ဍဖွံ့ဖြိုးရေးအတွက် စဉ်ဆက်မပြတ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

Most Read

Most Recent