မိုင်းခေါင်စစ်ရှောင်စခန်းမှ တစ်လကျော်ကြာ ပျောက်ဆုံးနေသော အမျိုးသားနှစ်ဦးအား သေဆုံးလျက် မြှုပ်နှံထားသည့် ပုံစံဖြင့် ပြန်တွေ့

မိုင်းခေါင်စစ်ရှောင်စခန်းမှ တစ်လကျော်ကြာ ပျောက်ဆုံးနေသော အမျိုးသားနှစ်ဦးအား သေဆုံးလျက် မြှုပ်နှံထားသည့် ပုံစံဖြင့် ပြန်တွေ့
Published 10 March 2018

မိုင်းခေါင်စစ်ရှောင်စခန်းမှ တစ်လကျော် ပျောက်ဆုံးနေသော အမျိုးသားနှစ်ဦးအား သေဆုံးလျက် မြှုပ်နှံထားသည့် ပုံစံဖြင့် ပြန်တွေ့ခဲ့ကြောင်း သတင်းရရှိသည်။

ပျောက်ဆုံးမှုဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ  ၃၁ ရက် နံနက် ၁၁ နာရီကျော်တွင် ဗန်းမော်ခရိုင် မန်စီမြို့နယ် မိုင်းခေါင်ကျေးရွာအုပ်စု ခပရာရွာအနီး ဦးဖော်ကန့်ယော်၏ လယ်တောတွင် ဦးဖော်ကန့်ယော် (၆၆ နှစ်) (မိုင်းခေါင် KBC စစ်ရှောင်စခန်းနေသူ) နှင့် ဦးဒေါ်ဂျယ်ဆန့်နော် (၃၀ နှစ်) (မိုင်းခေါင်ကက်သလစ် စစ်ရှောင်စခန်းနေသူ) တို့နှစ်ဦးကို တပ်မတော် တပ်ရင်းတပ်ဖွဲ့တစ်ခုမှဟု ယူဆရသူများက ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၁ ရက်တွင် မိသားစုဝင်များနှင့် ရပ်ရွာလူကြီးများက မိုင်းခေါင်ကျေးရွာ အခြေစိုက် တပ်စခန်းသို့ သွားရောက် မေးမြန်းသော်လည်း ဖြေကြားပိုင်ခွင့်မရှိဟု အကြောင်းပြန်ခဲ့ကြောင်း မိသားစုဝင်များက တပ်မတော်နှင့် အစိုးရဘက်သို့ တောင်းဆိုထားသော တိုင်ကြားစာများအရ သိရသည်။

သေဆုံးသူ ဦးဖော်ကန့်ယော်၏ မိသားစုဝင်ဖြစ်သူ တစ်ဦးက “ကျွန်မကတော့ မန်စီရဲစခန်းကို အခုအမှုဖွင့်ဖို့ ရောက်နေပါတယ်။ စာရေးနေတုန်း စခန်းမှူးက အလောင်းတွေ့တဲ့နေရာ သွားလိုက်ပြီ။ အလောင်းတွေကို ဖမ်းဆီးသွားတဲ့ နေရာနဲ့ ချောင်းခြားပြီး တွေ့ပါတယ်။ နှစ်ယောက်စလုံးကို တစ်ကျင်းတည်းမှာ မြှုပ်နှံထားတာပါ။ ဘာဒဏ်ရာတွေ ရထားလည်း မသိသေးဘူး။ အဝတ်အစားတွေပဲ မြင်ရသေးတယ်။ ဘာမှမထိရသေးဘူး။ မြေကြီးထဲပဲ ရှိသေးတယ်။ မြို့ပေါ်က အရာရှိတွေ သွားကြပြီ။ မိုင်းခေါင် စစ်ရှောင်စခန်းနဲ့ဆိုတော့ သုံးမိုင်လောက်ဝေးတယ်။ ဇန်နဝါရီ ၃၁ ရက်က ပျောက်သွားတာဆိုတော့ တွေ့တာက မတ် ၈ ရက်မှ တွေ့တာဆိုတော့ တစ်လကျော်ကြာပြီ။ ဒီနေ့တော့ ဆေးစာမရလို့ တိုင်ကြားချက်ပဲ ဖွင့်ရသေးတယ်” ဟု ပြောကြားသည်။

အလောင်းဖော်ရာတွင် ပါဝင်သူ မိသားစုဝင် ဒေါ်ကော့က “အလောင်းကို ညနေ ၃ နာရီလောက် သွားဖော်ကြည့်တယ်။ နှစ်ယောက်စလုံးက ဦးခေါင်းတွေပွင့်နေတယ်။ နောက်စေ့ နေရာတွေ ပွင့်နေတယ်။ တစ်ယောက်ကတော့ ဦးခေါင်းတစ်ခြမ်း မရှိတော့ဘူး။ သက်ဆိုင်ရာတွေကတော့ ဆွေမျိုးတွေရဲ့ သဘောအတိုင်း သယ်ယူခွင့်ပြုတယ်။ အပုပ်နံ့ အရမ်းထွက်တော့ အဲဒီနေရာမှာပဲ ဓမ္မဆရာတွေ ဆုတောင်းပြီး သြင်္ဂိုဟ်ခဲ့တယ်။ ကျွန်မတို့ အနေနဲ့ကတော့ အမှန်တရားပဲ ပေါ်စေချင်တယ်။ အရင်ကလည်း စခန်းမှာ ဒီလိုအဖြစ်တွေ ဖြစ်နေတော့ စိတ်ထဲလည်း မကောင်းဖြစ်၊ စိုးရိမ်တာတွေ ဖြစ်နေတယ်။ မနက်ဖြန် မန်စီရဲစခန်းသွားပြီး အမှုဖွင့်ရမယ်” ဟု ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မန်စီမြို့မှ တရားသူကြီး၊ ဆရာဝန်၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များသည် မတ် ၉ ရက် နံနက်ပိုင်းတွင် မိုင်းခေါင်ကျေးရွာသို့ သွားရောက်ပြီး အခင်းဖြစ်နေရာမှာ စစ်ဆင်ရေးနယ်မြေ  ဖြစ်သဖြင့် တပ်မတော်နှင့် ညှိနှိုင်းနေပြီး မတ် ၉ ရက် နေ့လယ်ပိုင်းမှ ခွင့်ပြုချက်ရရှိကာ အခင်းဖြစ်နေရာသို့ သွားရန် ပြင်ဆင်နေကြောင်း သိရသည်။

မန်စီမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ခင်မောင်ချိုက “အခုက အလောင်းစစ်ဆေးဖို့ မိုင်းခေါင်ကို ရောက်နေကြပြီ။ အခင်းဖြစ်နေရာက Insurgent Area (စစ်ဆင်ရေးနယ်မြေ) ဆိုတော့ ဒီအတိုင်း သွားမရတော့ တပ်မတော်နဲ့ ညှိနှိုင်းနေတယ်။ မြို့မစခန်းမှူး၊ တရားသူကြီး၊ ဆရာဝန်၊ အုပ်ချုပ်ရေးအဖွဲ့ အစုံပါသွားတယ်။ သွားလို့တော့ရပါပြီ။ အခင်းဖြစ်တဲ့ အခြေအနေကို မစစ်ဆေးနိုင်သေးဘူး” ဟု မတ် ၉ ရက် ညနေ ၃ နာရီခန့်က  ပြောကြားသည်။

FORTIFY RIGHTS အဖွဲ့က တပ်မတော်၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည့် ကချင်အရပ်သားနှစ်ဦး တည်ရှိရာကို စုံစမ်းပေးရန် အစိုးရအား ဖေဖော်ဝါရီ ၂၀ ရက်တွင် တောင်းဆိုခဲ့သည်။ တောင်းဆိုချက်တွင် ဖမ်းဆီးခေါ်ဆောင် သွားရာတွင် မျက်မြင်သက်သေနှစ်ဦးကို မေးမြန်းထားပြီး ယခင်ကာလ များကလည်း ယင်းဒေသတွင် ယခုကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ယခုအကြိမ် စစ်ရှောင်စခန်းနေသူများ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းမှာ နှစ်ကြိမ်မြောက်ဖြစ်ပြီး ယခင်ကာလများကလည်း စစ်ရှောင်စခန်းနေသူသုံးဦး ဖမ်းဆီးသတ်ဖြတ်ခံရသည့် ဖြစ်စဉ်များ မိုင်းခေါင်ကျေးရွာတွင် ဖြစ်ပွားခဲ့သည်။

၂၀၁၇ ခုနှစ် မေ ၂၅ ရက် ညနေပိုင်းက ပျောက်သွားခဲ့သည့် ကိုမရန်ဘရန်ဆိုင်း (၂၂ နှစ်)၊ ကိုအင်ခွမ်ဂမ်အောင် (၃၁ နှစ်)၊ ကိုလဗျ နော်ခွမ် (၂၇ နှစ်) နှင့် ဦးလနန်တို့ လေးဦးသည် ခါ့ပရာရွာမှ ဆိုင်ကယ်ဖြင့် မိုင်းခေါင်သို့ အပြန်တွင် မေ ၂၅ ရက် ညပိုင်းက တပ်မတော်တပ် ရင်းတပ်ဖွဲ့တစ်ခု၏ ဖမ်းဆီးခြင်းခံရခြင်းဖြစ်ပြီး စစ်ရှောင်စခန်းမှ လူ ၃၀ ခန့်နှင့် လိုက်ရှာရာ  မေ ၂၈ ရက် ညနေပိုင်းတွင် မိုင်းနောင်မှ သုံးမိုင်ခန့်အကွာ တောတွင်းတစ်နေရာတွင် မြေစာပုံကို တူးဖော်ကြည့်ရာမှာ အလောင်းသုံးလောင်းကို တွေ့ရသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်ရင်းမှူး အပါအဝင် တပ်မတော်သား ခြောက်ဦးကို တပ်မတော်မှ ရာသက်ပန် ထုတ်ပယ်ခဲ့ပြီး အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ဇန်နဝါရီ ၁၉ ရက်က ချမှတ်ခဲ့သည်။

 

Most Read

Most Recent