နေရပ်စွန့်ခွာ ဘင်္ဂါလီများအနေဖြင့် မူလကျေးရွာများတွင် နေထိုင်လိုခြင်းမရှိတော့သည့်အတွက် ဆွေမျိုးများရှိရာ ဘင်္ဂလားဒေ့ရှ်သို့ မိမိတို့သဘောဆန္ဒအလျောက် ထွက်ခွာနေကြခြင်းဖြစ်ဟု သိရ

နေရပ်စွန့်ခွာ ဘင်္ဂါလီများအနေဖြင့် မူလကျေးရွာများတွင် နေထိုင်လိုခြင်းမရှိတော့သည့်အတွက် ဆွေမျိုးများရှိရာ ဘင်္ဂလားဒေ့ရှ်သို့ မိမိတို့သဘောဆန္ဒအလျောက် ထွက်ခွာနေကြခြင်းဖြစ်ဟု သိရ
Published 9 March 2018

ဂေါ်ဒူသာရကျေးရွာအုပ်စု မှိုဝင်ချောင်းဝအနီးကမ်းခြေ၌ ယာယီနေထိုင်လျက်ရှိသော ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့မှ နေရပ်စွန့်ခွာဘင်္ဂါလီများအား တာဝန်ရှိသူတို့ သွားရောက်တွေ့ဆုံစဉ်

နေရပ်စွန့်ခွာဘင်္ဂါလီများအနေဖြင့် မူလကျေးရွာများတွင် နေထိုင်လိုခြင်းမရှိတော့သည့်အတွက် ဆွေမျိုးများရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မိမိတို့သဘောဆန္ဒအလျောက် ထွက်ခွာနေကြခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ရန်အတွက် ဂေါ်ဒူသာရကျေးရွာအုပ်စု မှိုဝင်ချောင်းဝအနီး ပင်လယ်ကမ်းခြေ၌ ယာယီနေထိုင်လျက်ရှိသော ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့မှ နေရပ်စွန့်ခွာဘင်္ဂါလီများအား မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နှင့်ခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့က မတ် ၇ ရက် နံနက်တွင် သွားရောက်တွေ့ဆုံမေးမြန်းရာတွင် ၎င်းတို့က ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အလုပ်အကိုင်ရှားပါးခြင်း၊ စားဝတ်နေရေးအခက်အခဲ ဖြစ်ပေါ်ခြင်း၊ ARSA အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုခံရခြင်း၊ တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေကြသည့် ဆွေမျိုးသားချင်းများက ခေါ်ယူခြင်း အစရှိသည်တို့ကြောင့် တစ်ဖက်နိုင်ငံသို့ သွားရောက်လိုခြင်းဖြစ်ကြောင်း ဖြေကြားခဲ့ကြကြောင်း သိရသည်။

အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများရှိပါက တိုင်းရင်းသားများ ဖြစ်ခဲ့လျှင်သော်လည်းကောင်း၊ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်ခဲ့လျှင်သော်လည်းကောင်း ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စားနပ်ရိက္ခာ လိုအပ်ချက်နှင့်ပတ်သက်၍ NGO အဖွဲ့အစည်းများအား ကျေးရွာများသို့အပတ်စဉ် သို့မဟုတ် လစဉ်သွားရောက်ထောက်ပံ့နိုင်ရန်အတွက် ခွင့်ပြုပေးထားကြောင်း၊ လက်ရှိလည်းထောက်ပံ့ပေးလျက်ရှိကြောင်း၊ ဆက်လက်၍လည်း ထောက်ပံ့ပေးရန် စီစဉ်ထားရှိပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ဘူးသီးတောင်မြို့နယ်မှ ကျေးရွာ ၁၅ ရွာနှင့်ရသေ့တောင်မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတို့မှ အမျိုးသား ၃၁၉ ဦး၊ အမျိုးသမီး ၃၄၇ ဦးစုစုပေါင်း ၆၆၆ ဦးသည် ယင်းနေရာတွင် ကနဦးယာယီနေထိုင်ခဲ့ကြကြောင်း၊ ၎င်းတို့အနက် အမျိုးသား ၁၀၀၊ အမျိုးသမီး ၁၁၀ မှာ မတ် ၇ ရက် နံနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ခွာသွားခဲ့ကြပြီး အမျိုးသား ၂၁၉ ဦး၊ အမျိုးသမီး ၂၃၇ ဦး စုစုပေါင်း ၄၅၆ ဦးကျန်ရှိနေကာ ဆက်လက်နေထိုင်လျက်ရှိကြောင်း သိရသည်။

မတ်လအတွင်း ဘင်္ဂါလီ ၆၀၀ ကျော် ပထမဦးဆုံး နေရပ်စွန့်ခွာခဲ့ပြီး ဖေဖော်ဝါရီလအတွင်း နေရပ်စွန့်ခွာ ဘင်္ဂါလီထောင်ကျော်ရှိခဲ့ကြောင်း ပြည်ထဲရေး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent