စားသုံးသူဈေးဆနှုန်း (CPI) တွက်ချက်ရန် ကောက်ယူသည့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်ခဲ့

စားသုံးသူဈေးဆနှုန်း (CPI) တွက်ချက်ရန် ကောက်ယူသည့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်ခဲ့
Published 7 March 2018

စားသုံးသူဈေးဆနှုန်း တွက်ချက်ရာတွင် ကေက်ယူသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အုပ်စုများ၏ ဈေးဆနှုန်းများ မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွက် ထုတ်ပြန်သည့် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေတွင် ဖော်ပြထားချက်အရ သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် စားသုံးသူဈေးဆနှုန်း (Consumer Price Index - CPI) ၁၃၉ ဒသမ ၃၄ ရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၅ ဒသမ ၂၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်း တွက်ချက်ရန်အတွက် အစားအစာအုပ်စု၊ ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စု၊ အဝတ်အထည်၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စု၊ အိမ်အသုံးအဆောင်ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စု၊ ကျန်းမာရေးအုပ်စု၊ သယ်ယူပို့ဆောင်ရေးအုပ်စု၊ ဆက်သွယ်ရေးအုပ်စု၊ အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စု၊ ပညာရေးအုပ်စု၊ ပြင်ပအစားအသောက်အုပ်စု၊ အထွေထွေ ကုန်ပစ္စည်းအုပ်စု၊ အစားအစာ မဟုတ်သောအုပ်စု စသည်ဖြင့် အုပ်စုများခွဲကာ ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစားအစာအုပ်စု ဈေးဆနှုန်းသည် ဇန်နဝါရီ၌ ၁၅၁ ဒသမ ၄၂ ရှိပြီး ယခင်နှစ် ကာလတူ ဈေးဆနှုန်းထက် ၄ ဒသမ ၆၃ ရာ ခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စု ဈေးဆနှုန်းမှာ ဇန်နဝါရီ၌ ၁၆၀ ဒသမ ၆၉ ဖြစ်ပြီး ယခင်နှစ် ကာလတူထက် ၁၉ ဒသမ ၅၆ရာခိုင်နှုန်းမြင့် တက်ခဲ့ကြောင်း သိရသည်။

အဝတ်အထည် ဈေးဆနှုန်းမှာလည်း ဇန်နဝါရီ၌ ၁၁၈ ဒသမ ၄၁ ရှိပြီး ယခင်နှစ် ကာလတူထက် ၁ ဒသမ ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ အိမ်လခနှင့် အိမ်ပြင်ခ အုပ်စုဈေးဆနှုန်းမှာ ဇန်နဝါရီတွင် ၁၄၃ ဒသမ ၃၄ ရှိပြီး ယခင်နှစ် ကာလတူထက် ၆ ဒသမ ၂၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

အိမ်အသုံးအဆောင် ပစ္စည်းနှင့် ပြုပြင် ထိန်းသိမ်းစရိတ်အုပ်စု ဈေးဆနှုန်းမှာ ဇန်နဝါရီတွင် ၁၁၆ ဒသမ ၆၃ ရှိကာ ယခင်နှစ်ကာလ တူထက် ၂ ဒသမ ၇၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ကျန်းမာရေးအုပ်စုဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် ၁၃၆ ဒသမ ၈၂ ရှိပြီး ယခင်နှစ် ကာလတူထက် ၄ ဒသမ ၅၇ ရာခိုင်နှုန်း မြင့် တက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

သယ်ယူပို့ဆောင်ရေးအုပ်စု ဈေးဆနှုန်းမှာ ဇန်နဝါရီ၌ ၁၀၄ ဒသမ ၈၀ ရှိပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၈ ဒသမ ၈၉ ရာ ခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဆက်သွယ်ရေး အုပ်စုဈေးဆနှုန်းမှာလည်း ဇန်နဝါရီ၌ ၁၀၂ ဒသမ ၆၆ ရှိကာ ယခင်နှစ်ကာလတူ ဈေးဆနှုန်းထက် ၉ ဒသမ ၅၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စု ဈေးဆနှုန်းမှာ ဇန်နဝါရီတွင် ၁၀၆ ဒသမ ၀၂ ရှိပြီး ယခင်နှစ်ကာလတူထက် ၀ ဒသမ ၇၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ပညာရေးအုပ်စု ဈေးဆနှုန်းမှာလည်း ယခင်နှစ်ကာလတူထက် ၀ ဒသမ ၃၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

ပြင်ပအစားအသောက်အုပ်စု ဈေးဆနှုန်းမှာ ၁၁၈ ဒသမ ၈၆ ဖြစ်ပြီး ယခင်နှစ် ကာလတူထက် ၆ ဒသမ ၉၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ အထွေထွေကုန်ပစ္စည်းအုပ်စု ဈေးဆနှုန်းမှာလည်း ယခင်နှစ် ကာလတူထက် ၄ ဒသမ ၂၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အစားအစာ မဟုတ်သောအုပ်စု ဈေးဆနှုန်းမှာ ယခင်နှစ်ကာလတူထက် ၆ ဒသမ ၃၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက် တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် ဗဟိုစာရင်းအင်း အဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာ အိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်း အမျိုးအစားများမှာ အများသုံးစွဲသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အမျိုးအစားပေါင်း ၄၃၈ မျိုး ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent