တံတားမိုင်းခွဲခြင်း၊ ကားမီးရှို့ပြီး ပိတ်ဆို့ခြင်း၊ မြေသားများ ဖြိုချခြင်း ပြုလုပ်ခဲ့သည့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်း ပြန်လည်ပြင်ဆင်မှု ပြီးစီး

တံတားမိုင်းခွဲခြင်း၊ ကားမီးရှို့ပြီး ပိတ်ဆို့ခြင်း၊ မြေသားများ ဖြိုချခြင်း ပြုလုပ်ခဲ့သည့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်း ပြန်လည်ပြင်ဆင်မှု ပြီးစီး
Published 4 March 2018

တံတားမိုင်းခွဲခြင်း၊ ကားမီးရှို့ပြီး ပိတ်ဆို့ခြင်း၊ မြေသားများ ဖြိုချခြင်း ပြုလုပ်ခဲ့သည့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပိုင်း ပြန်လည်ပြင်ဆင်မှု ပြီးစီးပြီ ဖြစ်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က မတ် ၃ ရက်တွင် ပြောကြားသည်။

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပိုင်း ပြန်လည်ပြင်ဆင်မှု ပြီးစီးခဲ့သော်လည်း သွားလာနိုင်ရေးအတွက်မှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က လုံခြုံရေးအရ ခွင့်ပြုမှသာ စတင်သွားလာနိုင်မည် ဖြစ်ကြောင်း၊ ယခင်အတိုင်း မဖြစ်သေးသော်လည်း ဆိုင်ကယ်နှင့် ကားများ သွားလာနိုင်သည့် အခြေအနေဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က “ပြီးတာတော့ လွန်ခဲ့တဲ့ရက်က ဖြစ်မယ်။ ကျွန်တော့်ဆီတော့ ဒီနေ့ မတ် ၃ ရက်မှ စာဝင်တယ်။ ပြီးစီးသွားပေမယ့် အရင်လိုတော့ ဘယ်ဟုတ်မလဲ။ လုံခြုံရေးအရ မြောက်ပိုင်းတိုင်းက ခွင့်ပြုရင် သွားလို့ရပါပြီ။ ဆိုင်ကယ်နဲ့က အလုပ်မဖြစ်တော့ ကားသွားနိုင်အောင် လုပ်ဆောင်နေပါတယ်။ သွားလာလို့ ရအောင်ပေါ့။ ပူတာအိုဘက်မှာ ဝန်ထမ်းတွေရော၊ ဒေသခံတွေအတွက်ရော စားနပ်ရိက္ခာတွေ မခက်ခဲအောင် လုပ်ရမှာပါ။ ညှိနှိုင်း ဆောင်ရွက်ခဲ့တာတော့ အများကြီးပေါ့”ဟု ပြောကြားသည်။

ကျပ် ၃၇ ဘီလျံ ရင်းနှီး ဆောက်လုပ်နေသည့် မြစ်ကြီးနား-ပူတာအို ပြည်ထောင်စုလမ်းမပေါ်တွင် ကေအိုင်အေ လက်နက်ကိုင်တစ်စုက တံတားတစ်စင်းကို ဇန်နဝါရီ ၂၈ ရက်တွင် ဖျက်ဆီးခဲ့ပြီးနောက် လုပ်ငန်းအားလုံး ပြန်ရုပ်သိမ်းခဲ့သည်။ ယင်းလုပ်ငန်းတွင် လုပ်ငန်းဆိုက်အလိုက် ကုမ္ပဏီပေါင်း ၁၀ ခုရှိပြီး အလုပ်သမား ၂၀၀၀ ဝန်းကျင် အသုံးပြု လည်ပတ်နေကြောင်း၊ လုပ်ငန်းအတွက် လုံခြုံရေး အခြေအနေများကြောင့် လုပ်ငန်းဆိုက်အားလုံး ရပ်နားကာ မြစ်ကြီးနား၊ ဆွမ်ပရာဘွမ်၊ ပူတာအိုမြို့များသို့ စက်ယန္တရားများနှင့် လူများ တိမ်းရှောင်နေထိုင်ရန် ထုတ်ပြန်ခဲ့သည်။

ပူတာအိုဒေသတွင်လည်း ရိက္ခာများ ပြတ်တောက်ကာ ဒေသထွက် မဟုတ်သည့် စားသောက်ကုန် ပစ္စည်းများ ငါးဆမှ ခုနစ်ဆအထိ တက်သွားပြီး လမ်းပိုင်း ပြတ်တောက်ကာ ရိက္ခာပြတ်လပ်မှုကြောင့် ပူတာအိုဒေသခံ ရာနှင့်ချီ ဆန္ဒပြမှု ဖေဖော်ဝါရီ ၁၃ ရက်က ဖြစ်ပေါ်ခဲ့သည်။

လမ်းဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းမြင့်ဦးက “လမ်းက ပွင့်သွားပြီ။ မြစ်ကြီးနားမြို့နယ် အတွင်းကျတဲ့ တီယန်ဇွတ်အထိ ကုမ္ပဏီ ခြောက်ခုလောက်က လုပ်ငန်းပုံမှန် လည်ပတ်နေတယ်၊၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းနဲ့ ပူတာအိုမြို့နယ်အတွင်း လမ်းကြောင်းမှာ လမ်းအထူးအဖွဲ့(၁)နဲ့ ပူတာအိုမြို့ပေါ်မှာ အလုပ်သမား ၂၀၀ လောက်ကို တင်ကျွေးထားတဲ့ လင်းနှစ်တိုးအောင်ကုမ္ပဏီပဲ လုပ်ငန်းစနိုင်သေးတယ်။ ကျွန်တော်တို့ အမြန်ဆုံး ပြန်ဆင်းကြဖို့ နှိုးဆော်နေတယ်။ လုပ်ဖို့လည်း ပြင်နေကြပါပြီ။ လုပ်သားတွေ နေရပ်ပြန်သွားကြတော့ လုပ်သားတွေ စုရတယ်။ နောက်ပြီး လောင်စာတွေ၊ ကုန်ကြမ်းတွေ စုနေကြတယ်”ဟု ပြောကြားသည်။

ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIA က ဖျက်ဆီးခဲ့သော မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပိုင်းကို လျင်မြန်စွာ ပြုပြင်ပေးနိုင်ရေး ကချင်ပြည်နယ် လွှတ်တော်တွင် အရေးကြီးအဆိုကို ဖေဖော်ဝါရီ ၇ ရက်က တင်သွင်းခဲ့သည်။ ယင်းလမ်းပိုင်း ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ကေအိုင်အို/ကေအိုင်အေ ဗဟိုအဖွဲ့များက ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ကို ကြားခံ၍ ဆွေးနွေးမှုများရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၁ ရက်တွင် နောက်ဆုံးဆွေးနွေးခြင်းများ ရှိခဲ့ကြောင်း သိရသည်။ ကချင်ပြည်နယ် အစိုးရအဖွဲ့က ဆန်အိတ် ၅၆၀၊ ဆီပိဿာ ၁၀၀ နှင့် အခြား ရိက္ခာခြောက်များကို ဖေဖော်ဝါရီ ၂၈ ရက်နှင့် မတ် ၁ ရက်က ပို့ဆောင်ခဲ့သည်။

ပူတာအိုခရိုင်တွင် မြို့နယ် ခြောက်မြို့နယ်ရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ ၉၁၂၅၇ ဦး နေထိုင်ကြောင်း သိရပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ဖွံ့ဖြိုးမှု အားနည်းခြင်း စသည့် အခြေအနေများကြောင့် မြန်မာနိုင်ငံတွင် တစ်နှစ်အောက် ကလေးသေဆုံးနှုန်း အမြင့်ဆုံးခရိုင် တစ်ခုဖြစ်ကြောင်း သိရသည်။