မြန်မာနိုင်ငံမှ တင်ပို့သည့် ကွမ်းသီးခြမ်းအား စားသောက်ကုန်များ တင်သွင်းခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီခြင်း မရှိဟုဆိုကာ သြစတြေးလျနိုင်ငံက တင်သွင်းခွင့်တားမြစ်

မြန်မာနိုင်ငံမှ တင်ပို့သည့် ကွမ်းသီးခြမ်းအား စားသောက်ကုန်များ တင်သွင်းခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီခြင်း မရှိဟုဆိုကာ သြစတြေးလျနိုင်ငံက တင်သွင်းခွင့်တားမြစ်
Published 2 March 2018

မြန်မာနိုင်ငံမှတင်ပို့သည့် ကွမ်းသီးခြမ်းအား သြစတြေးလျနိုင်ငံ၏ စားသောက်ကုန်များ တင်သွင်းခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီခြင်း မရှိဟုဆိုကာ သြစတြေးလျ နိုင်ငံက တင်သွင်းခွင့် တားမြစ်လိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။

သြစတြေးလျနိုင်ငံ စိုက်ပျိုးရေးနှင့် ရေအရင်းအမြစ်ဝန်ကြီးဌာန အစားအသောက် နှင့် သွင်းကုန်ဌာနသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံမှ တင်ပို့သည့် ကွမ်းသီးခြမ်း ကုန်ပစ္စည်း (Supari Half - Betel Nut) အပေါ်တားမြစ်ခဲ့ကြောင်း သိရသည်။

ထိုသို့တားမြစ်ရသည့် အကြောင်းအရင်းမှာ မြန်မာနိုင်ငံမှတင်သွင်းလာသော ၎င်းစားသောက်ကုန် အမျိုးအစားသည် သြစတြေးလျ နိုင်ငံသို့ တင်သွင်းရန် တားမြစ်ထားသည့် အပင်နှင့် အပင်ထွက်ပစ္စည်း အမျိုးအစားတွင် ပါဝင်နေပြီး စားသောက်ကုန်များ တင်သွင်းခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီခြင်း မရှိသောကြောင့် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွမ်းသီးခြမ်းကုန်စည်သည် သြစတြေးလျနိုင်ငံတွင် ၂၀၀၃ ခုနှစ်က ပြဋ္ဌာန်းခဲ့သော အက်ဥပဒေအောက်ရှိ Food Standards Code ပါ အပိုင်း 1.4: Contaminants and residues ၏ section 1.4.4 ရှိ အပင်နှင့် အပင်ထွက်ပစ္စည်းများကို တားမြစ်ကန့်သတ်ထားသည့်  Prohibited and restricted plants and fungi တွင် အကျုံးဝင်ပြီး ၎င်း Section ၏ အဓိပ္ပာယ်အရ သြစတြေးလျနိုင်ငံအတွင်းသို့ အပင်နှင့်အပင်ထွက်ပစ္စည်းများကို တင်သွင်းခွင့်အား လုံး၀ ခွင့်မပြုထားကြောင်း တွေ့ရှိရသည်ဟု  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သြစတြေးလျနိုင်ငံ စိုက်ပျိုးရေးနှင့်ရေအရင်းအမြစ်ဝန်ကြီးဌာန၏  အကြောင်းကြားချက်အရ အနာဂတ်တွင် ဤကွမ်းသီးခြမ်း ကုန်စည်နှင့်အလားတူ ကုန်ပစ္စည်းများကို သြစတြေးလျနိုင်ငံဖက်သို့  တင်ပို့ခဲ့ပါက သြစတြေးလျနိုင်ငံ၏ အစားအသောက် လိုအပ်ချက်များနှင့်လျော်ညီကြောင်း တင်ပြနိုင်ခြင်း မရှိခဲ့လျှင် ယခုကဲ့သို့ပင်တားမြစ်မည်ဖြစ်ပြီး ကွမ်းသီးခြမ်းတင်သွင်းမှုကို တားမြစ်လိုက်သည့်ကိစ္စရပ်အား Online ပေါ်တွင် ဇန်နဝါရီလအတွင်း၌ ထုတ်ပြန်ထားသည်ကို သိရကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Most Read

Most Recent