ပဲခူးတိုင်းဒေသကြီးအတွင်း မြို့ဝင်ကြေးကောက်ခံရန် စည်ပင်သာယာရေးဌာနမှ အစိုးရသို့ တင်ပြထားပြီး ဆက်လက်ကောက်ခံသင့် မသင့် အစိုးရအဖွဲ့က ဆုံးဖြတ်ချက်ချပေးခြင်း မရှိသေးဟုဆို

ပဲခူးတိုင်းဒေသကြီးအတွင်း မြို့ဝင်ကြေးကောက်ခံရန် စည်ပင်သာယာရေးဌာနမှ အစိုးရသို့ တင်ပြထားပြီး ဆက်လက်ကောက်ခံသင့် မသင့် အစိုးရအဖွဲ့က ဆုံးဖြတ်ချက်ချပေးခြင်း မရှိသေးဟုဆို
Published 28 February 2018

တောင်ငူမြို့နယ် စည်ပင်သာယာရေးဌာန ကြီးကြပ်မှုဖြင့် ယာဉ်များကို မြို့ဝင်ကြေး ကောက်ခံနေသော တောင်ငူမြို့အဝင်ဂိတ်အား ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီးအတွင်း စည်ပင်သာယာရေးဌာနမှ ကြီးကြပ်ကောက်ခံလျက်ရှိသော မြို့ဝင်ကြေး ဂိတ်များအား ဖျက်သိမ်းတော့မည်ဆိုသော ကောလာဟလများ ထွက်ပေါ်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့ဝင်ကြေးများ ကောက်ခံနေခြင်းအား ဆက်လက်ကောက်ခံသင့် မကောက်ခံသင့်ကို သက်ဆိုင်ရာ အစိုးရအဖွဲ့သို့ တင်ပြထားဆဲသာဖြစ်ပြီး ဆုံးဖြတ်ချက်ရရှိခြင်း မရှိသေးကြောင်း ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ကတော့ ဒီဥစ္စာနဲ့ပတ်သက်လို့ Decision မရှိသေးတဲ့အတွက်ကြောင့် နိုင်ငံတော်လုပ်သင့်တယ်။ ညှိနှိုင်းပေးသင့်တယ်။ မလုပ်နဲ့ ဆိုရင်လည်း ကျွန်တော်တို့က လက်ခံတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ စည်ပင်သာယာရဲ့ တာဝန်က ဝင်ငွေကိုလည်း ရအောင်ရှာရမယ်။ ဝန်ဆောင်မှုကိုလည်း ပေးရမယ်ဆိုတဲ့မှု ရှိနေတဲ့အတွက်ကြောင့် ကျွန်တော်တို့ကတော့ ကောက်ချင်လို့ နိုင်ငံတော်အစိုးရကို တင်နေတာ မဟုတ်ဘူး။ ပြည်နယ်အစိုးရဆီကို တိုင်းအစိုးရကို တင်တယ်ဆိုတာက ကျွန်တော်တို့က ဆုံးဖြတ်ချက်တစ်ခုကို ရဖို့လိုတယ်။ နို့မို့ဆိုရင် ကျွန်တော့်သဘောနဲ့ ကျွန်တော် မကောက်တာလား။ ဒီဆုံးရှုံးမှုကို ဘယ်သူ့မှာ တာဝန်ရှိလဲဆိုရင် ကျွန်တော်တို့က ဖြေရခက်တယ်။ အဲဒါကြောင့် ကျွန်တော်တို့က ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ကျွန်တော်တို့က Decision တောင်းနေတဲ့အဆင့်ပဲ ရှိသေးတယ်” ဟု ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ပြောကြားသည်။

လာမည့် ၂၀၁၈-၂၀၁၉ ဘတ်ဂျက်နှစ်အတွက် မြန်မာနိုင်ငံပြည်နယ်နှင့် တိုင်း ၁၄ ခုအနက် ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင်သာ မြို့ဝင်ကြေးများ ဆက်လက် ကောက်ခံခြင်းမပြုရန် တာစူလျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်း၌ မြို့ဝင်ကြေး ကောက်ရန်အတွက်မူ စည်ပင်သာယာရေးဌာနမှ နိုင်ငံတော်အစိုးရသို့ တင်ပြထားပြီး ကောက်ရန်၊ မကောက်ရန် အတွက်အား နိုင်ငံတော်အစိုးရ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

“ဒါပေမဲ့ ပြည်နယ်တိုင်း ၁၄ ခုမှာ လောလောဆယ် လေးခုပဲ။ ဒီဥစ္စာကို ဖျက်သိမ်းဖို့ တာစူနေတယ်။ အဲဒါကလည်း ရခိုင်မှာဆိုလည်း နိုင်ငံရေးအရ ပြဿနာတွေ အများကြီးရှိတယ်။ ပြင်ပကားလာတာတွေလည်း နည်းပါတယ်။ ဝင်ငွေလည်း နည်းတယ်။ ချင်းမှာဆိုလည်း ဒီအတိုင်းပဲ။ ကယားမှာလည်း ကယားကိုလာတဲ့ယာဉ်နဲ့ ပတ်သက်လို့ရှိရင် နည်းတယ်ပေါ့နော်။ နောက်တစ်ခါ တနင်္သာရီတိုင်း မှာဆိုလို့ရှိရင်လည်း တစ်နှစ်ပတ်လုံးမှ သိန်း ၆၀၀ ကျော်ပဲရှိတယ်။ အဲဒီတော့ သူတို့အနေနဲ့ သိန်း ၆၀၀၊ ၁၀၀၀ လောက်ကတော့ ကျွန်တော်တို့ ဖျက်တယ်။ ကျွန်တော်တို့လည်း ဖျက်ပေးလို့ရတယ်။ ဒါပေမဲ့ မြို့ရဲ့တကယ့် ဝင်ငွေလည်း ဖြစ်နေတယ်။ အလုပ်တွေလည်း လုပ်ရတယ်။ တစ်ဆက်စပ်တည်း မီးလင်းရေးတွေ ပလက်ဖောင်းတွေ၊ ရေမြောင်းတွေ၊ ဆေးသုတ်တာကအစပေါ့။ လုပ်ပေးနေရတာဖြစ်တယ်။ BOT ကုမ္ပဏီကလည်း ဘာမှ ဒီဥစ္စာနဲ့ပတ်သက်လို့ တာဝန်ယူပေးတာမရှိဘူး။ မရှိတဲ့အတွက် ကျွန်တော်တို့က ဒီဝင်ငွေကို မကောက်ရတော့ဘူးဆိုရင် ပြည်သူလူထုဆီက ရမယ့်ပိုက်ဆံနဲ့ လုပ်ရမှာပါ။ ဒါမှမဟုတ် နိုင်ငံတော်ကပေးတဲ့ ထောက်ပံ့ငွေနဲ့ ကျွန်တော်တို့လုပ်ရမယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး အတွင်း၌ စည်ပင်သာယာရေး ကြီးကြပ်မှုဖြင့် ကောက်ခံနေသော မြို့ဝင်ကြေးများအား ၂၀၀၇-၂၀၀၈ ခုနှစ်မှစတင်၍ စည်ပင်သာယာမှ လေလံမပစ်တော့ဘဲ လမ်းတံတားများအား BOT စနစ်ဖြင့် လုပ်ကိုင်သော ကုမ္ပဏီများသို့ လွှဲပြောင်း၍ လမ်းတံတားကြေးဖြင့် ပူးတွဲကောက်ခဲ့ကြောင်း၊ ယင်းသို့ကောက်ခံခြင်းအတွက် BOT ကုမ္ပဏီမှ မြို့ဝင်ကြေး ကောက်ခံသော လေလံကြေးအား တစ်နှစ် ၁၀ ရာခိုင်နှုန်းတိုး၍ သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့သို့ ပေးရကြောင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်း၌ မြို့နယ်ပေါင်း ၂၈ မြို့နယ်ရှိရာ ပဲခူးခရိုင် ကဝမြို့နယ်နှင့် တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တို့တွင် မြို့ဝင်ကြေးများ ကောက်ခံခြင်းမရှိဘဲ ကျန်သောမြို့နယ်ပေါင်း ၂၆ မြို့နယ်အား မြို့ဝင်ကြေးများ ကောက်ခံလျက်ရှိကြောင်း၊ မြို့ဝင်ကြေး ကောက်ခံခြင်း မရှိသော ကဝမြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့မှာ လမ်းမကြီးများနှင့် တစ်ဆက်စပ်တည်းမရှိဘဲ ယာဉ်အဝင်အထွက် နည်းသောကြောင့် မြို့ဝင်ကြေး မကောက်ခံခြင်း ဖြစ်ကြောင်း စည်ပင်သာယာရေး တာဝန်ရှိသူက ပြောကြားသည်။

“အခုဖြစ်နေတဲ့ ပြဿနာက ဘာလဲဆိုတော့ လွှတ်တော်မှာ မေးဖြေနေကြတဲ့အခါမှာ သူတို့သဘောထားတွေက တစ်မျိုး၊ စည်ပင်လို ဌာနကတစ်မျိုး၊ ဆောက်လုပ်ရေး ဌာနတွေရဲ့ သဘောထားကတစ်မျိုး၊ အဲဒါတွေက အရမ်းရှုပ်ထွေးနေတယ်။ ကောက်မယ် မကောက်ဘူး။ ဟိုပြည်နယ်မှာ ကောက်မယ်။ ဒီပြည်နယ်မှာ မကောက်ဘူးပေါ့။ အဲဒီတော့ သူတို့လုပ်နေတာတွေက စီးပွားရေးဆန်ဆန် လုပ်တဲ့သဘောလို ဖြစ်နေတယ်။ အခွန်ကောက်တဲ့စနစ် မပီပြင်ဘူး။ အဲဒီတော့ အမြို့မြို့အနယ်မှာ ကြားနေရတာလည်း ကျေနပ်မှုမရှိဘူး။ ပြည်သူလူထုက ဒီအခွန်ကောက်တဲ့ လူတွေက ဓားမြတိုက်သလိုလို ဆတ်ကြေးတောင်းသလိုလို ဒါမျိုးတွေက မဖြစ်သင့်ဘူး။ အဲဒီတော့ ဒီအခြေအနေတွေကို မပေါက်ကွဲလာခင်မှာ နိုင်ငံတော်အစိုးရအနေနဲ့ ထိန်းသိမ်းသင့်တယ်လို့ ကျွန်တော်ယူဆပါတယ်” ဟု လာမည့်မတ်လမှစတင်၍ ပဲခူးတိုင်းဒေသကြီး အတွင်း၌ မြို့ဝင်ကြေးများ ကောက်ခံခြင်း မပြုတော့ဟုဆိုသော ကောလာဟလများနှင့် ပတ်သက်၍ တောင်ငူမြို့ခံ ကိုဇင်မင်းလတ်က “နိုင်ငံတော် အစိုးရအနေနဲ့ မြို့ဝင်ကြေးဘီးခွန်ကို လျှော့ပေးလိုက်မယ်ဆိုရင် ပြည်သူလူထု အနေနဲ့ ဝန်ထုပ်ဝန်ပိုး လျော့သွားမယ်။ ကုန်စည်စီးဆင်းမှု အပိုင်းမှာလည်း အားသာချက်တွေရှိလာမယ်။ အခုဟာက ကောလာဟလဆန်ဆန်တွေ ဖြစ်နေတယ်။ လွှတ်တော်မှာ မေးကြဖြေကြတဲ့အခါမှာ သူတို့ရဲ့ ပြန်လည်ဖြေကြားချက်တွေက တစ်မျိုး၊ စည်ပင်လိုဌာနမျိုးရဲ့သဘောထားကတစ်မျိုး၊ ဆောက်လုပ်ရေးဌာနရဲ့ သဘောထားက တစ်မျိုးဆိုတော့ ပြည်သူလူထုက ဘာကိုယုံရမှန်းမသိတဲ့ ကောလာဟလတွေ ဖြစ်နေတယ်။ နောက်တစ်ခုက အမြို့မြို့အနယ်နယ်မှာ ဒီမြို့ဝင်ကြေးနဲ့ ပတ်သက်ပြီးတော့ မကျေမနပ်ဖြစ်မှုတွေ ကြီးထွားလာတယ်။ မြို့ဝင်ကြေး ဘီးခွန်ပေါ့နော်။ ဒီအခွန်ကောက်ခံတဲ့လူတွေ ကိုယ်တိုင်ကိုက ဆတ်ကြေးတောင်းသလို၊ ဓားမြတိုက်သလိုပေါ့။ ဒီလိုအပြုအမူမျိုးတွေနဲ့ ပြည်သူလူထုကို ဆက်ဆံနေတာလည်း မကောင်းဘူး။ အဲဒီတော့ နိုင်ငံတော် အစိုးရအနေနဲ့ ဒီအခြေအနေကို မပေါက်ကွဲခင်မှာ တိတိကျကျ မှန်ကန်တဲ့ မူဝါဒတစ်ခုနဲ့ ဆောင်ရွက်စေချင်ပါတယ်” ဟု ပြောကြားသည်။

ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာစံရွှေဝင်းက စည်ပင်သာယာရေးဌာန အနေဖြင့် မြို့ဝင်ကြေး ကောက်ခံခွင့်ရှိ၊ မရှိနှင့် မြို့နယ်တစ်ခုအတွင်း တစ်လမ်းတည်း အသုံးပြုခလေးကြိမ် ပေးဆောင်နေရခြင်းမှာ လက်ရှိ ဥပဒေ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီခြင်း ရှိ မရှိအား ပြီးခဲ့သည့်၂၀၁၇ ခု နှစ် ဇူလိုင် ၂၀ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မေးခွန်းမေးမြန်းခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီး အတွင်း၌ လာမည့် မတ်လမှစတင်၍ မြို့ဝင်ကြေးများ ကောက်ခံခြင်းမပြုဘဲ မြို့ဝင်ကြေး ကောက်ခံမည့် ဂိတ်များအား ဖျက်သိမ်းတော့မည် ဖြစ်ကြောင်း ကောလဟလများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။