ဘင်္ဂါလီများခိုးဝင်နိုင်သည့် ဝင်ပေါက်များမှ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ တာဝန်ပေါ့လျော့မှု ထပ်မံမဖြစ်ပေါ်စေရေး ရှောင်တခင်စစ်ဆေးမှုများပြုလုပ်ရန် ဧရာဝတီတိုင်းရဲတပ်ဖွဲ့ ညွှန်ကြား

ဘင်္ဂါလီများခိုးဝင်နိုင်သည့် ဝင်ပေါက်များမှ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ တာဝန်ပေါ့လျော့မှု ထပ်မံမဖြစ်ပေါ်စေရေး ရှောင်တခင်စစ်ဆေးမှုများပြုလုပ်ရန် ဧရာဝတီတိုင်းရဲတပ်ဖွဲ့ ညွှန်ကြား
Published 28 February 2018

ဘင်္ဂါလီများခိုးဝင်နိုင်သည့် ဝင်ပေါက်များမှ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ တာဝန်ပေါ့လျော့မှု ထပ်မံမဖြစ်ပေါ်စေရေး ရှောင်တခင်စစ်ဆေးမှုများပြုလုပ်ရန် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ညွှန်ကြားထားကြောင်း သိရသည်။

၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်း၌ ရခိုင်ပြည်နယ်ဘက်မှ ဧရာဝတီတိုင်းဒေသကြီးသို့ ဘင်္ဂါလီများ ဖြတ်ကျော်ဝင်ရောက်မှုရှိနေသဖြင့် ပိုမိုကြပ်မတ်ဆောင်ရွက်နိုင်ရန် ရဲတပ်ဖွဲ့တာဝန်ရှိသူများအား ထိုသို့ညွှန်ကြားထားခြင်းဖြစ်သည်။

“နေ့ညမပြတ် အလှည့်ကျနဲ့ တပ်ဖွဲ့ဝင်တွေ စစ်ဆေးရေးနဲ့ပတ်သက်လို့ သေချာလေး ကြပ်မတ်ဆောင်ရွက်ဖို့၊ ဆင့်ကဲဆင့်ကဲ တာဝန်ရှိတဲ့သူတွေအနေနဲ့လည်း အဆင့်ဆင့်စစ်ဆေးပြီးတော့မှ လုံခြုံရေးဆောင်ရွက်တဲ့ တပ်ဖွဲ့ဝင်တွေအပေါ်မှာ ရှောင်တခင် သွားရောက်စစ်ဆေးတာတွေ လုပ်ဖို့အတွက်လည်း ညွှန်ကြားထားပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောကြားသည်။

ယခုနှစ်အတွင်း ပထမအကြိမ်ဖမ်းမိခဲ့သည့် ဘင်္ဂါလီများ ခိုးဝင်ဖြတ်ကျော်ခဲ့သည့် ရေနံ့သာစစ်ဆေးရေးဂိတ်မှ ရဲအရာရှိနှစ်ဦးနှင့် အခြားအဆင့်ရဲတပ်ဖွဲ့ဝင်ကိုးဦးကို ရေကြည်မြို့မရဲစခန်းမှူး ဦးဆောင်သည့်အဖွဲ့မှ စစ်ဆေးမှုပြုလုပ်ထားပြီး တာဝန်ပေါ့လျော့စွာ ထမ်းဆောင်မှုအတွက် အရေးယူနိုင်ရန် တိုင်းရဲတပ်ဖွဲ့မှူးထံ တင်ပြထားကြောင်း သိရသည်။

ထို့အပြင် ဒုတိယအကြိမ်ဖမ်းမိခဲ့သည့် ဘင်္ဂါလီများခိုးဝင်ခဲ့သော အုတ်ပုံစစ်ဆေးရေးဂိတ်မှ ရဲတပ်ဖွဲ့ဝင်များကိုလည်း တိုင်းရဲတပ်ဖွဲ့မှ သတိပေးထားပြီး ကြပ်မတ်ကွပ်ကဲမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“အဓိကကတော့ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် ဆက်စပ်တာကတော့ ရေနံ့သာစစ်ဆေးရေးဂိတ်ပေါ့။ အလားတူပဲ အုတ်ပုံဂိတ်ကလည်း ရခိုင်ပြည်နယ် တောင်ကုတ်တို့၊ အမ်းတို့ဘက်ကလာတဲ့ မော်တော်ယာဉ်တွေက အဲဒီဘက်ကနေ ဝင်ထွက်နိုင်တာဖြစ်တဲ့အတွက် ဒီနှစ်ခုကိုတော့ အဓိကထားပြီး ဘင်္ဂါလီတွေဝင်ရောက်လာရင် ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေပါတယ်” ဟု ဒုရဲမှူးကြီး ခင်မောင်လတ်က ဆက်လက်ပြောကြားသည်။

ဘင်္ဂါလီ ၂၁ ဦးကို ဖေဖော်ဝါရီ ၃ ရက်က ညောင်တုန်းမြို့နယ် အသင်းစုကျေးရွာအနီး၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ရန်ကုန်-ပုသိမ် ကားလမ်းမိုင်တိုင်အမှတ် ၂၉/၅ နှင့် ၂၉/၆ ကြား ရပ်တန့်ထားသည့် Foton ကုန်တင်ယာဉ်ကို ဆားမလောက်ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရာမှတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နောက်ထပ် ဘင်္ဂါလီခုနစ်ဦးကိုလည်း ညောင်တုန်းမြို့နယ်၌ပင် ဖေဖော်ဝါရီ ၈ ရက်က ဆင်ထုံးကျေးရွာအုပ်စု၊ ကြိမ်ပင်ဆယ်ကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် ၄၃/၃ နှင့် ၄၃/၄ ကြား၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။ ခိုးဝင်ဘင်္ဂါလီများအား ဧရာဝတီတိုင်းဒေသကြီး၌ ဖမ်းဆီးရမိမှုမှာ ယခု ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် နှစ်ကြိမ်ရှိပြီဖြစ်ပြီး အဆိုပါဖြစ်စဉ်များမှ ယာဉ်မောင်းသူ၊ ယာဉ်ပေါ်ပါသူနှင့် ခိုးဝင်ဘင်္ဂါလီများအား ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။