တနင်္သာရီတိုင်းဒေသကြီးရှိ SME လုပ်ငန်းရှင်များ ချေးငွေလျှောက်ထားရာတွင် ပုံစံ (၇) မြေစာရင်းမှာ အခက်အခဲဖြစ်နေကြောင်း တင်ပြ

တနင်္သာရီတိုင်းဒေသကြီးရှိ SME လုပ်ငန်းရှင်များ ချေးငွေလျှောက်ထားရာတွင် ပုံစံ (၇) မြေစာရင်းမှာ အခက်အခဲဖြစ်နေကြောင်း တင်ပြ
Published 28 February 2018

တနင်္သာရီတိုင်းအတွင်းရှိ SME လုပ်ငန်းရှင်အချို့နှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတို့ တွေ့ဆုံစဉ်

SME လုပ်ငန်းရှင်များအတွက် တနင်္သာရီတိုင်းဒေသကြီးအဆင့် Agency ဖွဲ့ရန် ဆောင်ရွက်နေပြီး လုပ်ငန်းရှင်များမှ ချေးငွေလျှောက်ထားရာတွင် ပုံစံ (၇) မြေစာရင်းမှာ အခက်အခဲများနေကာ ချေးငွေရယူနိုင်ခြင်း မရှိဖြစ်နေကြောင်း သိရသည်။

အသေးစား အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု တိုးတက်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံပွဲတစ်ခုကို မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ဖေဖော်ဝါရီ ၂၇ ရက်ကပြုလုပ်ခဲ့ပြီး စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သောအဖွဲ့မှာ မြိတ်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် အသေးစား အလတ်စားလုပ်ငန်းရှင်များက လုပ်ငန်းလည်ပတ်ရန်အတွက် ဘဏ်ချေးငွေများလျှောက်ထားရာတွင် မြေယာပိုင်ဆိုင်မှုပုံစံ (၇) မှာ တရားဝင်ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် ဖြေလျော့မှုများပြုလုပ်ပေးရန် တင်ပြခဲ့ကြောင်း သိရသည်။

“အခုလောလောဆယ်ကြုံတွေ့နေရတဲ့ အခက်အခဲကတော့ ပုံစံ (၇) ကိစ္စပါ မြေယာတွေပိုင်ဆိုင်ပေမယ့် ပုံစံ (၇) ကမရှိဘူး။ ပုံစံ (၇) ရေးဆွဲပြီးပေမယ့်လည်း ငွေချေးလို့မရတဲ့ မြေစာရင်းဥပဒေတွေက ရှိနေပြန်တယ်။ အဲဒါကနေတစ်ဆင့်လျှော့ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ဘဏ်တွေကို မူဝါဒလေးတစ်ခု ပေးစေချင်တယ်။ ပုံစံ (၇) နဲ့ရရှိလာတဲ့ မြေစာရင်းတွေကို ငွေချေးခွင့်ပေးတဲ့ မူဝါဒမျိုးချမှတ်ပေးရင် ကျွန်တော်တို့လို အခြေခံလူတန်းစားတွေ၊ ခြံပိုင်ရှင်လေးတွေအတွက် ချေးငွေရရှိလာမယ်။ လုပ်ငန်းလည်ပတ်လာနိုင်မယ်။ ဒါမှလည်း အခြေခံလူတန်းစားတွေရဲ့ ဝင်ငွေတွေမြင့်လာပြီး နိုင်ငံတော်အတွက် အထောက်အကူတစ်ခုဖြစ်လာမှာပါ” ဟု SME လုပ်ငန်းရှင်များအသင်းအဖွဲ့ဝင် ဦးထွန်းထွန်းဦးက ပြောကြားသည်။

အသေးစား အလတ်စားလုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် နိုင်ငံတော်အဆင့် Agency ကိုဖွဲ့စည်းထားပြီးဖြစ်ရာ မကြာမီတိုင်းဒေသကြီးအဆင့် Agency များကိုလည်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က နိုင်ငံတော်အဆင့်မှာဆိုရင် ဒုတိယသမ္မတ (၁) ဦးဆောင်ပြီး ၂၀၁၇ ဒီဇင်ဘာလတုန်းက တစ်ကြိမ်၊ ဖေဖော်ဝါရီ ၁၉ ရက်က ဒုတိယအကြိမ်အစည်းအဝေးတွေ ထပ်လုပ်ပါတယ်။ အဲဒါပြီးနောက် SME စီးပွားရေးလုပ်ငန်းရှင်တွေကို တိုးတက်စေဖို့ရည်ရွယ်ပြီး အခုဆိုရင် Agency တွေဖွဲ့တာတွေ လုပ်နေပါတယ်။ ဗဟိုအဆင့်မှာ လုပ်ပြီးသွားရင်တော့ တိုင်းဒေသကြီးအဆင့်မှာ ဖွဲ့စည်းသွားဖို့ စီစဉ်နေပါတယ်။ SME လုပ်ငန်းရှင်တွေအနေနှင့် Member Card လျှောက်ရပါတယ်။ ပထမတော့ ၇၀၀ ကျော် လုပ်ပေးထားပါတယ်။ နောက်ထပ် ၂၀၀ ကျော် လျောက်လွှာလာတင်ထားတာ ရှိပါတယ်။ ကျွန်တော်တို့တစ်လအတွင်းမှာ ဆောင်ရွက်ပေးနေပါတယ်။ ကျွန်တော်တို့ဘက်ကတော့ SME ဥပဒေ ၁ နှင့် ၂ ပေါ့ နော်။ အဲဒါတွေနဲ့ညီရင် ထောက်ခံစာလုပ်ပေးတယ်။ သက်ဆိုင်ရာဘဏ်ကို ချိတ်ဆက်ပေးလိုက်ပါတယ်။ ဘဏ်ကနေ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားပါတယ်။ SME လုပ်ငန်းရှင်တွေဘက်ကလည်း အခက်အခဲတချို့ တင်ပြလာတာရှိပါတယ်။ အဲဒါကိုလည်း ဌာနဆိုင်ရာတွေနှင့်ပေါင်းစပ်ပြီး ဆောင်ရွက်သွားမယ်။ အသစ်ဖွဲ့စည်းလာမယ့် တိုင်းဒေသကြီးရဲ့ Agency ဖွဲ့စည်းပြီးသွားရင် ဌာနဆိုင်ရာဝန်ကြီးတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ အသိပညာရှင် အတတ်ပညာရှင်တွေပါလာရင် အဲဒီအခါကျရင် အခက်အခဲတွေကို ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ပေးသွားပါ့မယ်” ဟု တနင်္သာရီတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးညွန့်နွှယ်က ပြောကြားသည်။