ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတွင် ငြိမ်းချမ်းစွာစုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်း ပြုလုပ်မည့်အစီအစဉ် အပြည့်အစုံဟု ပြင်ဆင်သင့်ကြောင်း အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ အစီရင်ခံစာတင်သွင်း

ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတွင် ငြိမ်းချမ်းစွာစုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်း ပြုလုပ်မည့်အစီအစဉ် အပြည့်အစုံဟု ပြင်ဆင်သင့်ကြောင်း အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ အစီရင်ခံစာတင်သွင်း
Published 24 February 2018

ဖေဖော်ဝါရီ ၂၃ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေး၌ ဥပဒေကြမ်းကော်မတီက ငြိမ်းစုစီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ အစီရင်ခံစာ တင်သွင်းစဉ်

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ငြိမ်းချမ်းစွာစုဝေးခင်း သို့မဟုတ် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်း ပြုလုပ်မည့်အစီအစဉ် အပြည့်အစုံဟု ပြင်ဆင်သင့်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ဖေဖော်ဝါရီ ၂၃ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အစီရင်ခံစာတင်သွင်းခဲ့သည်။

ယင်းဥပဒေကြမ်းနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းရာတွင် အပိုဒ် ၃၊ ပုဒ်မ ၄၊ ပုဒ်မခွဲ (ဃ) တွင် ဖော်ပြထားသော 'ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်မည့် အစီအစဉ်'ဆိုသည့်စကားရပ်ကို ‘ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်မည့်အစီအစဉ် အပြည့်အစုံ’ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ အပိုဒ် ၄၊ ပုဒ်မ ၁၈ တွင် ဖော်ပြထားသော ‘ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးတို့ကိုပျက်ပြားစေရန် အကြံဖြင့်ဖြစ်စေ၊ ထိုသို့ ပျက်ပြားတန်ရာသော အခြေအနေဖြစ်နိုင်ကြောင်း သိလျက်နှင့်ဖြစ်စေ ငွေသို့မဟုတ် ပစ္စည်းကိုသော်လည်းကောင်း’ဆိုသည့် စကားရပ်ကို ‘ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးတို့ကို ပျက်ပြားစေရန် ငွေ သို့မဟုတ် ပစ္စည်း ကိုသော်လည်းကောင်း’ဟု ပြင်ဆင်သင့်ကြောင်း လွှတ်တော်သို့တင်သွင်းခဲ့သည်။

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား ဆွေးနွေးမည့် ကိုယ်စားလှယ်များအနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်နောက်ဆုံးထားကာ အမည်စာရင်း တင်သွင်းနိုင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။

ငြိမ်းချမ်းစွာစုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်မည့် အစီအစဉ်၊ ခန့်မှန်းလူဦးရေ၊ ခန့်မှန်းကုန်ကျစရိတ်နှင့် ကုန်ကျခံမည့်ပုဂ္ဂိုလ် သို့မဟုတ်  အဖွဲ့အစည်းဆိုသည့်အချက်အား ဖြည့်စွက် ထားသည့် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား ဖေဖော်ဝါရီ ၁၉ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်က လက်ခံဆွေးနွေးရန်အတွက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃) မှ ဒေါက်တာမြတ်ဉာဏစိုးက အဆိုတင်သွင်းခဲ့သည်။

ဥပဒေကြမ်း၏ ပုဒ်မ ၄၊ ပုဒ်မခွဲ (ဃ) ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်မည့်အစီအစဉ်၊ ခန့်မှန်းလူဦးရေ၊ ခန့်မှန်းကုန်ကျစရိတ်နှင့် ကုန်ကျခံမည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းဟု အစားထိုးရမည်ဟု ပြင်ဆင်ထားကြောင်း သိရသည်။

ဥပဒေကြမ်း၏ ပုဒ်မ ၄ ခြေဆင်းကို ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်း အခွင့်အရေးတို့ကို သုံးစွဲဆောင်ရွက်လိုသော နိုင်ငံသားများ သို့မဟုတ် အဖွဲ့အစည်းများသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိသဘောထားဆန္ဒကို ဖော်ပြရန်အလို့ငှာ အောက်ပါအချက်များ ပါရှိသော အသိပေးတင်ပြချက်ကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ယင်းသို့ဆောင်ရွက်မည့်နေ့ မတိုင်မီ အနည်းဆုံး ၄၈ နာရီကြိုတင်၍ စာဖြင့် ပေးပို့တင်ပြရမည်။ စီတန်းလှည့်လည်ရာတွင် ဖြတ်သန်းလိုသည့် မြို့နယ်များရှိပါက သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးများထံ ၄၈ နာရီ ကြိုတင်၍ အသိပေးတင်ပြချက် မိတ္တူကို ပေးပို့ရမည်ဟု အစားထိုးရမည်ဟု ဖော်ပြထားသည်။