တရားမဝင် ရွှေတူးဖော်နေသူများထံမှ ငွေကြေးတောင်းခံခဲ့သော ဟုမ္မလင်းမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်အချို့အား စစ်ဆေးနေမှု အကြောင်းမထူးပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ ဆက်လက် တိုင်ကြားမည်ဟုဆို

တရားမဝင် ရွှေတူးဖော်နေသူများထံမှ ငွေကြေးတောင်းခံခဲ့သော ဟုမ္မလင်းမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်အချို့အား စစ်ဆေးနေမှု အကြောင်းမထူးပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ ဆက်လက် တိုင်ကြားမည်ဟုဆို
Published 24 February 2018

တရားမဝင်ရွှေတူးဖော်နေသူများထံမှ ငွေကြေးတောင်းခံခဲ့သော ဟုမ္မလင်းမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်အချို့အား စစ်ဆေးနေမှု အကြောင်းမထူးပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ ဆက်လက် တိုင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နန်ချောကျေးရွာ၊ နမ့်သဲလုံချောင်းအနီး တရားမဝင် ရွှေတူးဖော်နေသူများအား ဟုမ္မလင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်အချို့မှ ဇန်နဝါ ရီ ၂၁ ရက်နေ့က သွားရောက် ဖမ်းဆီးခဲ့ပြီး ထိုသူများထံမှ ငွေကြေးတောင်းခံခဲ့သည် ဟုဆိုကာ ငွေကြေးတောင်းခံရသူများမှ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ထံ တိုင်ကြားခဲ့သဖြင့် စုံခုံဖွဲ့စစ်ဆေးနေပြီး အကြောင်းမထူးပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ ဆက်လက်တိုင်ကြားသွားမည်ဟု ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်၏ ပြောကြားချက်အရ သိရသည်။

“တိုင်တဲ့လူတွေကိုတော့ ဖေဖော်ဝါရီ ၅ ရက်က စပြီးစစ်လို့ စစ်ပြီးသွားပြီလို့ သိရတယ်။ တောင်းတဲ့ရဲတွေကိုတော့ ပဏာမစစ်ပြီးလို့ နောက်ထပ်တိုင်းက စုံခုံဖွဲ့ပြီး ထပ်စစ်မယ်လို့ကြားတယ်။ ဘယ်တော့လောက်စစ်မယ် ဆိုတာတော့ မသိရသေးဘူး။ အရင်တုန်းကလိုပဲ အချိန်တွေကြာအောင် အချိန်ဆွဲနေမယ်၊ စစ်လို့ပြီးရင်လည်း ဘာမှမထူးဘူး ဆိုရင်တော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ဆက်ပြီးတိုင်ကြားသွားမယ်” ဟု ဦးကျော်ဌေးလွင်က ပြောကြားသည်။

ဟုမ္မလင်းမြို့နယ် နန်ချောကျေးရွာ၊ နမ့်သဲလုံချောင်းအနီး တရားမဝင် ရွှေတူးဖော်နေသူ လေးဦးအား ဟုမ္မလင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်အချို့မှ သွားရောက် ဖမ်းဆီးခဲ့ကာ မျော (ရွှေတူးဖော်သောလုပ်ငန်း) တစ်မျောလျှင် ကျပ်သိန်း ၂၀ ဖြင့် ငါးမျောအတွက် ကျပ်သိန်း ၁၀၀ တောင်းခံခဲ့ပြီး လက်ကိုင်ဖုန်း ငါးလုံးကိုလည်း သိမ်းဆည်းသွားခဲ့သည်ဟု သိရသည်။

ထို့နောက် ငွေကြေးတောင်းခံရသူများမှ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် စစ်ကိုင်းတိုင်း နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးထံ တိုင်ကြားခဲ့ပြီး တိုင်ကြားသူများနှင့် သက်သေများကို ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာတွင် ဟုမ္မလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ပါဝင်သော စုံခုံအဖွဲ့မှ ဖေဖော်ဝါရီ ၅ ရက်နှင့် ၆ ရက်တွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

စစ်ဆေးမှုများ ပြုလုပ်အပြီး နှစ်ရက်ခန့်အကြာတွင် ဟုမ္မလင်းမြို့နယ် ရဲတပ်ဝင်ဖွဲ့ဝင်တစ်ဦးက ဆက်သွယ်မှုများ ပြုလုပ်လာကြောင်း တိုင်ကြားသူ တစ်ဦးဖြစ်သူ ဦးသိန်းတန်၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ကို စစ်ပြီး နှစ်ရက်အကြာမှာ ကျွန်တော့်ယောက္ခထီးကို ဟုမ္မလင်းက ရဲတစ်ယောက်က ဆက်သွယ်လာပါတယ်။ သိမ်းထားတဲ့ ဖုန်းလေးလုံးကို ပြန်ပေးပြီး ပိုက်ဆံတွေလည်း တချို့တစ်ဝက်ပြန်ရမယ်။ အမှုကို ကျေအေးပေးပါဆိုပြီး လာပြောပါတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ကို ပေးလိုက်ရတဲ့ ပိုက်ဆံဟာ သူများဆီကချေးပြီး ပေးလိုက်ရတာပါ။ ကျွန်တော်တို့အနေနဲ့ လုံးဝမတတ်နိုင်ပေမယ့် မပေးရင် ဝရမ်းပြေးဖြစ်မယ်ပြောလို့ မရှိပေမယ့် သူများဆီမှာ လိုက်ချေးပြီး ပေးလိုက်ရတာပါ။ ဒါပေမဲ့ ကျေအေးပေးလိုက်ရင် နောက်ထပ်လည်း ကျွန်တော်တို့လို ဒေသခံ မျောသမားတွေကို ဒီလိုထပ်လုပ်မှာစိုးတဲ့ အတွက် မကျေအေးပေးနိုင်ပါဘူး။ ကျွန်တော်တို့ကို စစ်ပြီးတာတော့ ကြာပါပြီ။ ဘယ်လိုဖြစ်သွားလဲဆိုတာ မသိရသေးသလို နောက်ထပ် ခေါ်စစ်တာလည်း မရှိပါဘူး။ စစ်ပြီးလို့ ကျွန်တော်တို့က တရားမဝင် လုပ်ကိုင်နေလို့ ဖမ်းမယ်ဆိုရင်လည်း ဟိုဘက်က ရဲတွေကိုလည်း မှန်မှန်ကန်ကန် စစ်ဆေးဆုံးဖြတ်ပြီး အပြစ်ပေးစေချင်ပါတယ်” ဟု ဦးသိန်းတန်က ပြောကြားသည်။ ဟုမ္မလင်းမြို့နယ်တွင် တရားမဝင် ရွှေတူးဖော်နေသော လုပ်ငန်းများစွာရှိပြီး ထိုသို့တူးဖော်နေမှုများကြောင့် သဘာဝပတ်ဝန်းကျင် ဆိုးရွားစွာ ပျက်စီးနေကာ တရားမဝင် ရွှေတူးဖော်နေမှုများကို ထိန်းချုပ်နိုင်ရန် သက်ဆိုင်ရာ ဝန်ထမ်းများ၏ အဂတိ ကင်းရှင်းမှုသည် အဓိကကျကြောင်း ဟုမ္မလင်းမြို့နယ် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်ကလည်း ပြောကြားခဲ့သည်။