မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အတွင်းရှိ အေဘယ် ဆေးရုံသုံး ပစ္စည်းအရောင်းဆိုင်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အတွင်းရှိ အေဘယ် ဆေးရုံသုံး ပစ္စည်းအရောင်းဆိုင်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား
Published 23 February 2018

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၆ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြား စိတ္တရမဟီရပ်ကွက်ရှိ အေဘယ် ဆေးရုံသုံးပစ္စည်းနှင့် အထွေထွေရောင်းဝယ်ရေးဆိုင်တွင် ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၆ နာရီဝန်းကျင်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာသို့ မန္တလေးခရိုင်မီးသတ်ဦးစီးဌာနက Level 2 အဆင့်သတ်မှတ်ကာ မီးငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုမှာ ဆေးပစ္စည်းများကို လောင်ကျွမ်းနေသဖြင့် ခက်ခဲစွာ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ ဆေးပစ္စည်းများ မီးလောင်ကျွမ်းရာမှ ထွက်ရှိလာသည့် မီးခိုးငွေ့များကို ရှုရှိုက်မိသဖြင့် မီးသတ်တပ်ဖွဲ့ဝင်အချို့ မူးမေ့လဲကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ဆေးပစ္စည်း အရောင်းဆိုင်အဆောက်အအုံ RC သုံးထပ်အဆောက်အအုံ၏ အပေါ်ဆုံးထပ် မီးလောင်ကျွမ်းခဲ့ပြီး အခန်းအတွင်း သိုလှောင်ထားသည့် ဆေးပစ္စည်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကနဦးသတင်းများအရ စုံစမ်းသိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို ၇ နာရီ မိနစ် ၂၀ ကျော်ခန့်တွင် မီး လုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။ မီးစတင်လောင်ကျွမ်းရသည့် အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

Most Read

Most Recent