ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများ ရုံးထုတ်တွင် တရားလိုပြသက်သေတစ်ဦးသာ လာရောက်သည့်အတွက် လာမည့်ရုံးချိန်းများ၌ ချိန်းဆိုထားသည့် သက်သေများလာရောက်ရန် ခရိုင်တရားသူကြီး ညွှန်ကြား

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများ ရုံးထုတ်တွင် တရားလိုပြသက်သေတစ်ဦးသာ လာရောက်သည့်အတွက် လာမည့်ရုံးချိန်းများ၌ ချိန်းဆိုထားသည့် သက်သေများလာရောက်ရန် ခရိုင်တရားသူကြီး ညွှန်ကြား
Published 22 February 2018

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများ ရုံးထုတ်တွင် တရားလိုပြသက်သေတစ်ဦးသာ လာရောက်သည့်အတွက် လာမည့်ရုံးချိန်းများတွင် သက်သေများလာရောက်ရန် ဒက္ခိဏခရိုင်တရားသူကြီးက ညွှန်ကြားခဲ့သည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများအား ဖေဖော်ဝါရီ ၂၁ ရက်က ဆက်လက်ရုံးထုတ်ရာတွင် တရားလိုပြသက်သေလေးဦးအား ဆင့်ခေါ်ထားသော်လည်း သက်သေတစ်ဦးသာ လာရောက်သည့်အတွက် လာမည့်ရုံးချိန်းများတွင် ချိန်းဆိုထားသည့်သက်သေများ လာရောက်နိုင်ခြင်းမရှိပါက အစားထိုးသက်သေတင်နိုင်ကြောင်း၊ အဆိုပါအမှုများအတွက် သက်သေအများအပြား စစ်ဆေးရမည်ဖြစ်ကြောင်း ခရိုင်တရားသူကြီးဦးလှဝင်းက တရားခွင်တွင် ပြောကြားသည်။

အဆိုပါရုံးချိန်းတွင် တရားလိုသက်သေအဖြစ် ဒုရဲမှူးမောင်မောင်စိုးသင်အား လက်နက်အက်ဥပဒေပုဒ်မ ၁၉ (စ)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နှင့် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၆ (၃) တို့ဖြင့် တရားစွဲတင်ထားသည့်အမှုများကို စစ်ဆေးခဲ့သည်။

လာမည့် ဖေဖော်ဝါရီ ၂၈ ရက်ရုံးချိန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ၊ လက်နက်အက်ဥပဒေပုဒ်မ၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ၊ ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် တရားစွဲတင်ထားသည့်အမှုများမှ လာရောက်ခြင်းမရှိသည့် တရားလိုပြသက်သေသုံးဦးနှင့် ဒုရဲအုပ်ဝေယံအောင်နှင့် ရဲအုပ်စိုးလွင်ဦး စုစုပေါင်းငါးဦးအား စစ်ဆေးရန်ချိန်းဆိုခဲ့ကြောင်း သိရသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းပါများအား ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်ရဲစခန်းများက လက်နက်အက်ဥပဒေပုဒ်မ ၁၉ (စ)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆ (ဂ)/၂၀၊ လက်နက်အက်ဥပဒေပုဒ်မ ၁၉-က/၁၉ (စ)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၅/၁၉ (က)/၂၁၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ၇၊ လက်နက်အက်ဥပဒေ ၉ (စ)/၁၉ (က) နှင့် တရားခံပြေးမှုတို့ဖြင့် ဒီဇင်ဘာ ၂၁ ရက် ပထမဆုံးရုံးထုတ်စဉ်က တရားစွဲဆိုထားသည်။

ဒုတိယအကြိမ်ရုံးထုတ်စစ်ဆေးရာတွင် ဖြိုးကိုကိုတင့်ဆန်းပါသုံးဦးအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ဖြိုးကိုကိုတင့်ဆန်း တစ်ဦးတည်းကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နှင့် ဆက်သွယ်ရေးဥပဒေ ၆၇ ဖြင့် စွဲဆိုထားသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၀ ခုဖြင့် တရားစွဲတင်ထားရာ ဆက်သွယ်ရေးဥပဒေပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထားသည့်အမှုနှင့် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်အက်ဥပဒေပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုထားသည့်အမှုကိုသာ ပေါင်းစစ်ဆေးသင့်ကြောင်း ဇန်နဝါရီ ၂၄ ရက် ခြောက်ကြိမ်မြောက်ရုံးတွင် ဒက္ခိဏသီရိခရိုင် တရားသူကြီး ဦးလှဝင်းက အမိန့်ချမှတ်ထားသည်။

Most Read

Most Recent