ငြိမ်းချမ်းစွာစုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်း ပြုလုပ်မည့်အစီအစဉ်၊ ခန့်မှန်းလူဦးရေ၊ ခန့်မှန်းကုန်ကျစရိတ်နှင့် ကုန်ကျခံမည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းဆိုသည့်အချက်အား ဖြည့်စွက်ထားသည့် ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်သို့တင်သွင်း

ငြိမ်းချမ်းစွာစုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်း ပြုလုပ်မည့်အစီအစဉ်၊ ခန့်မှန်းလူဦးရေ၊ ခန့်မှန်းကုန်ကျစရိတ်နှင့် ကုန်ကျခံမည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းဆိုသည့်အချက်အား ဖြည့်စွက်ထားသည့် ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်သို့တင်သွင်း
Published 20 February 2018

ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်မည့် အစီအစဉ်၊ ခန့်မှန်းလူဦးရေ၊ ခန့်မှန်းကုန်ကျစရိတ်နှင့် ကုန်ကျခံမည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းဆိုသည့်အချက်အား ဖြည့်စွက်ထားသည့် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့သည်။

ဖေဖော်ဝါရီ ၁၉ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန်အတွက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃) မှ ဒေါက်တာ မြတ်ဉာဏစိုးက အဆိုတင်သွင်းခဲ့သည်။

ဥပဒေကြမ်း၏ ပုဒ်မ ၄၊ ပုဒ်မခွဲ (ဃ) ငြိမ်းချမ်းစွာစုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်မည့်အစီအစဉ်၊ ခန့်မှန်းလူဦးရေ၊ ခန့်မှန်းကုန်ကျစရိတ်နှင့် ကုန်ကျခံမည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း ဟု အစားထိုးရမည်ဟု ပြင်ဆင်ထားကြောင်း သိရသည်။

ဥပဒေကြမ်း၏ ပုဒ်မ ၄ ခြေဆင်းကို ငြိမ်း ချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်း အခွင့်အရေးတို့ကို သုံးစွဲဆောင်ရွက်လိုသော နိုင်ငံသားများ သို့မဟုတ် အဖွဲ့အစည်းများသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိသဘောထားဆန္ဒကို ဖော်ပြရန်အလို့ငှာ အောက်ပါအချက်များပါရှိသော အသိပေးတင်ပြချက်ကို သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးထံ ယင်းသို့ဆောင် ရွက်မည့်နေ့မတိုင်မီ အနည်းဆုံး ၄၈ နာရီကြိုတင်၍ စာဖြင့် ပေးပို့တင်ပြရမည်။ စီတန်းလှည့်လည်ရာတွင် ဖြတ်သန်းလိုသည့် မြို့နယ်များရှိပါက သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးများထံ ၄၈ နာရီ ကြိုတင်၍ အသိပေးတင်ပြချက် မိတ္တူကို ပေးပို့ရမည်ဟု အစားထိုးရမည်ဟု ဖော်ပြထားသည်။

ဥပဒေကြမ်း၏ အခန်း ၇ ပြစ်မှုနှင့်ပြစ်ဒဏ်များ ခေါင်းစဉ်၏အောက်တွင် ပုဒ်မ ၁၈ အဖြစ် မည်သူမဆို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး နှင့်ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးတို့ကို ပျက်ပြားစေရန် အကြံဖြင့်ဖြစ်စေ၊ ထိုသို့ ပျက်ပြားတန်ရာသော အခြေအနေဖြစ်နိုင်ကြောင်း သိလျက်နှင့်ဖြစ်စေ ငွေ သို့မဟုတ် ပစ္စည်းကိုသော်လည်းကောင်း၊ အခြားနည်းလမ်းတစ်ခုခုကိုသော်လည်းကောင်း သုံးစွဲ၍ သူတစ်ဦးဦးအား ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုအောင် လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်း သို့မဟုတ် တိုက်တွန်းခြင်းကိုပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု အစားထိုးရန် ပြင်ဆင်ထားကြောင်း သိရသည်။

ထို့ပြင် ဥပဒေကြမ်း၏ ပုဒ်မ ၂၃ ကို အောက်ပါအတိုင်း အစားထိုးရမည်။ ပုဒ်မ ၁၉၊ ၂၀၊ ၂၁ နှင့် ၂၂ တို့ကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုအဖြစ်သတ်မှတ်သည်။ ပုဒ်မ ၂၄ ကို အောက်ပါအတိုင်း အစားထိုးရမည်။ မည်သူမဆို ပုဒ်မ ၁၈ မှအပ ဤဥပဒေပါ ပြစ်မှုတစ်ခုခုကို ဖောက်ဖျက်ကျူးလွန်ပါက ထိုသူကို ပြစ်မှုကျူးလွန်သည့်နေ့မှ ၁၅ ရက်အတွင်း သက်ဆိုင်ရာတရားရုံးသို့ တရားစွဲဆိုတင်ပို့ရမည်ဟု ပြင်ဆင်ထားကြောင်း သိရသည်။

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၏ ရည်ရွယ်ချက်နှင့် ကျိုးကြောင်းဖော်ပြချက်များအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိသော နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံသားတို့အနေဖြင့် စနစ်တကျဆန္ဒထုတ်ဖော်ခွင့်ရှိစေရန် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့်ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၆ ခု နှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၈ အဖြစ် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း အဆိုတင် သွင်းသူ ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်စီတန်းလှည့်လည်၍ ဆန္ဒထုတ်ဖော်ရာတွင် ဥပဒေ၏ အကာအကွယ်ကို အခွင့်အရေးအဖြစ် အသုံးပြု၍ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကို သိလျက်နှင့်တမင်အဖျက်အမှောင့် လုပ်ရပ်များဖြင့် နှောင့်ယှက်ဖျက်ဆီးမည့် အန္တရာယ်မှ ကာကွယ်ဟန့်တားရန် လိုအပ်ကြောင်း၊ ထို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်ဆန့်ကျင်ခြင်းမရှိဘဲ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းကို အသုံးပြုနိုင်ရန်ရည်ရွယ်၍ ဤပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်သို့ ရေးဆွဲတင်ပြရခြင်းဖြစ်ကြောင်း ဒေါက်တာ မြတ်ဉာဏစိုးက ပြောကြားသည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက “ဒီဥပဒေကြမ်းရဲ့ ပုဒ်မ ၄ ကိုပြင်တယ်။ ပုဒ်မ ၃၅၄ ရဲ့ စာကြောင်း သုံးကြောင်းကိုပြင်ထားတယ်။ ဘာလဲဆိုတော့ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်မဆန့်ကျင်လျှင်ဆိုတဲ့ စကားလုံး။ ဒီစာကြောင်း သုံးကြောင်းစလုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ မှာပါတဲ့ အတိအကျကို ပြန်ထည့်ထားတာ။ဘာကြောင့်ထည့်ထားသလဲဆိုတော့ ဒီဥပဒေကို စပြင်တာ ၂၀၁၆ ခုနှစ်မှာ အန်ကယ်တို့ကော်မတီကပဲ စပြင်တယ်။ ၂၀၁၆ ကနေ ၂၀၁၈ ဆိုတော့ နှစ်နှစ်တာကာလအတွင်းမှာ ဒီဥပဒေကို ပြန်သုံးသပ်တော့ တချို့ အချက်လေးတွေ ပြင်ဖို့လိုတယ်လို့တွေ့တယ်။ပြင်ဖို့လိုလို့ ပုဒ်မ ၄ ကိုပြင်တဲ့အတွက် နောက် ကပုဒ်မတွေပါ ပြင်သွားတာပေါ့လေ။ အဓိကကတော့ ပုဒ်မ ၄ ပဲ။ ပုဒ်မ ၄ (ဃ) မှာတစ် ချက်ပြင်တယ်။ လူတွေ စိတ်ဝင်စားကြမှာပါ။ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တဲ့အခါမှာ အရင်တုန်းက ဥပဒေမှာ လူဦးရေ၊ နေရာ၊ ခန့်မှန်း လူဦးရေ၊ သွားမယ့်အစီအစဉ်စသဖြင့် ဖော်ပြ ဖို့အချက်တွေ ပြဋ္ဌာန်းထားတာရှိတယ်။အခုတော့ ခန့်မှန်းကုန်ကျစရိတ်နဲ့ စပွန်ဆာပေးတဲ့လူ သို့မဟုတ် အဖွဲ့အစည်းကို ထည့်ပေးရမယ်လို့ ပြင်ထားတာလေးရှိတယ်။ ဘာကြောင့် ဒါကိုပြင်သလဲဆိုတော့ အခုဆန္ဒထုတ်ဖော်တဲ့ နေရာတွေ အနယ်နယ်အရပ်ရပ်မှာ ရှိတယ်။ ရှိတော့ ဆန္ဒထုတ်ဖော်တဲ့လူ၊ ဆန္ဒထုတ်ဖော်တဲ့ လူအုပ်စုကြီးကို စပွန်ဆာပေးတဲ့သူတစ်ဦး ကို ၃၀၀၀ ပေးတယ်။ ၅၀၀၀ ပေးတယ်စသဖြင့်  ကြားရတယ်။ ကြားရတော့ ဒီသတင်းမျိုးဟာ ဟုတ်နိုင်လောက်တဲ့ အနေအထားမျိုးလည်း ရှိတယ်။ ပြန်သုံးသပ်တော့ တချို့အချက်အ လက်တွေက မှန်ကန်နေတယ်။ ဒီဟာတွေက ဘယ်ကသိရလဲဆိုတော့ အွန်လိုင်းမီဒီယာတွေမှာပါတယ်။ သတင်းမီဒီယာတွေမှာပါတယ်။ အထူးသဖြင့်တော့ အွန်လိုင်းမှာပါတာပေါ့လေ။ တချို့ဆိုရင် ငွေရေတွက်ပြီး ပေးနေတဲ့ပုံတွေပါ တင်ကြတယ်။ ဒါတွေဖြစ်လောက်တယ်လို့ ကောက်ယူလို့ရတဲ့အတွက် ဒီအချက်က ထည့်သင့်တယ်၊ ထည့်မှ ပိုပြီးတော့ ပြည့်စုံမယ်လို့ယူဆတဲ့အတွက် ထည့်ထားတာပါ။ပုဒ်မ ၁၈ ကိုလည်း အစားထိုးပြီး နောက်တစ်ခုပြဋ္ဌာန်းလိုက်တဲ့အတွက် ပုဒ်မ တစ်ခုတိုးသွားတယ်။ အခုပုဒ်မ ၂၉ ခုရှိသွားတာပေါ့။ ကျန်တာကတော့ ထူးထူးခြားခြားမရှိဘူး။ ဘာကြောင့်ဒီဥပဒေကိုပြင်လဲဆိုတော့ ဒီလွှတ်တော်သက်တမ်း အစိုးရသစ်တက်တဲ့ သက်တမ်းကာလ ဥပဒေကြမ်းကော်မတီ စတင်အလုပ်လုပ်တဲ့အခါမှာ ငြိမ်းစုစီဥပဒေတို့၊ ရပ်ကျေးဥပဒေ စတဲ့ ဥပဒေတွေမှာ အမျိုးမျိုးဖြေလျှော့ဖို့ ကြိုးစားခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ အရင်ကအုပ်ချုပ်ခဲ့တဲ့အစိုးရနဲ့ အန်ကယ်တို့ အင်န်အယ်ဒီအစိုးရ တက်လာတဲ့အခါမှာ တော်တော်များများဟာ ဖြေလျှော့ပေးဖို့လိုတယ်လို့လည်း ယူဆတယ်။ အန်ကယ်တို့ပါတီက ကိုယ်စားလှယ်တော် တော်များများဟာ တစ်ချိန်က ဆန္ဒပြခဲ့ကြတဲ့သူတွေဖြစ်တဲ့အတွက် ဆန္ဒပြတဲ့သူတွေရဲ့ ခံစားချက်ကို နားလည်လို့ ဘယ်လိုပြင်ပေးရမလဲလို့ စဉ်းစားတာ။ ထို့အတူ ဒီဥပဒေကို ပြန်သုံးသပ်တဲ့အခါကျတော့ ဒီဥပဒေကိုပြင်တော့ပြင်ပေးခဲ့ပြီ။ သို့သော် ဒီဥပဒေကို နှစ် နှစ်တာ ကျင့်သုံးလိုက်တဲ့အခါကျတော့ ဘယ်မှာ ထူးခြားချက်တွေရှိတယ်။ ဘယ်မှာအားနည်းချက်တွေရှိတယ်။ မသမာသူက ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ကျင့်သုံးသွားနိုင်တာရှိသလားဆိုပြီးတော့ ပြန်သုံးသပ်ကြတဲ့အခါမှာ ဒီအချက်တွေတွေ့တာ။ တွေ့လို့ပြင် တာပဲဖြစ်တယ်။ ဥပဒေတွေကို ကျင့်သုံးပြီးလို့ နှစ်နှစ်တန်သည်၊ သုံးနှစ်တန်သည်ကြာရင် ပြန်လည်သုံးသပ်ဖို့က ဥပဒေသမားတွေရဲ့တာဝန်ပဲ။ လူတွေက စပွန်ဆာမပါဘဲ အသည်းနှလုံးထဲကလာတာကို ဆန္ဒပြတာဆိုရင် စပွန်ဆာပေးစရာမလိုဘူး။ သို့သော် လော လောဆယ်မှာ လူတွေကိုယ်၌က အသည်းနှလုံးကြားထဲက ဆန္ဒထုတ်ဖော်ချင်လို့ ကွင်းထဲကို လူတစ်သောင်း၊ ငါးထောင် စုရုံးလာတာလား။ အဖွဲ့အစည်းတစ်ခုခု၊ လူပုဂ္ဂိုလ်တစ်ဦးဦးက စည်းရုံးလှုံ့ဆော်လို့များ ရောက်လာကြသလားဆိုတာကို သတင်းသမားတွေအနေနဲ့ လည်း သုံးသပ်ဖို့လိုတယ်။ ဆန္ဒထုတ်ဖော်တဲ့ ပွဲတစ်ပွဲကို ကြည့်လိုက်တာနဲ့သိတယ်။ သုံးသွားတာတို့၊ ဗွီနိုင်းထောင်ထားတာတို့၊ စတိတ်စင် ဆောက်ထားတာတို့ကို သုံးသပ်ပြီး ဒီ နောက်မှာ ဘယ်သူရှိတယ်ဆိုတာ ဒီခေတ်မှာ သုံးသပ်လို့ရတယ်။ ဗွီနိုင်းမထောင်၊ လက်က တောင်မကိုင်ဘဲ ဆန္ဒထုတ်ဖော်တဲ့သူတွေ ရှိတယ်။ တချို့လည်း လည်ပင်းမှာချိတ်ဆွဲပြီး ပြတဲ့သူတွေရှိတယ်။ တစ်ဦးချင်း၊ တစ်ဦးနှစ်ဦး ဆန္ဒပြတာတွေ အနယ်နယ်အရပ်အရပ်မှာ ရှိပါတယ်။ အဲဒီလိုပြတာနဲ့ ကွင်းကြီးထဲမှာ လူပေါင်းများစွာနဲ့ စတိတ်စင်ကြီးတွေ၊ ဗွီနိုင်း ပေါင်းများစွာနဲ့ ဆန္ဒထုတ်ဖော်တာနဲ့ မတူဘူး။သုံးသပ်ကြည့်ရင် အဖြေပေါ်တယ်။ နောက်မှာ ဘယ်သူရှိတယ်ဆိုတာ။ နောက်မှာ စပွန်ဆာတော့ ရှိနေတယ်ဆိုတာ ပြောလို့ရတယ်” ဟု သတင်းထောက်များအား ပြောကြားသည်။

Most Read

Most Recent