Eleven Media Group ၏ မုံရွာအခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံခံရသည်မှာ ရှစ်လပြည့်ပြီဖြစ်သေ်ာလည်း ကျူးလွန်သူအား ဖော်ထုတ်နိုင်ခြင်းမရှိသေး

Eleven Media Group ၏ မုံရွာအခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံခံရသည်မှာ ရှစ်လပြည့်ပြီဖြစ်သေ်ာလည်း ကျူးလွန်သူအား ဖော်ထုတ်နိုင်ခြင်းမရှိသေး
Published 12 August 2017

Eleven Media Group ၏ မုံရွာမြို့အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံခံရမှုနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့က အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့များဖွဲ့စည်း၍ သတင်းထောက်လှမ်းစုံစမ်းခြင်း၊ စစ်ကြောရေးအဖွဲ့များဖြင့် စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိသော်လည်း ရှစ်လပြည့်သည်အထိ အဓိကကျူးလွန်သည့် တရားခံများအား ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ကတော့ အထက်အကြီးအကဲတွေကလည်း စဉ်ဆက်မပြတ် ဒီအမှုအနေနဲ့ ကျွန်တော်တို့ရတဲ့သတင်းလေးတွေကို စဉ်ဆက်မပြတ် စစ်ဆေးပြီးတော့ ဖော်ထုတ်ဖို့ကြိုးစားနေပါတယ်” ဟု မုံရွာမြို့မရဲစခန်းမှ ဒုရဲမှူးကျင်စိန်က ပြောကြားသည်။

သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်မှာ ရှစ်လပြည့်မြောက်ပြီဖြစ်ပြိး လက်ရှိအချိန်အထိ အမှုနှင့်ပတ်သက်၍ ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိခြင်း မရှိသည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။ ထို့ပြင် သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည့် KTV ဆိုင်တစ်ဆိုင်မှ မန်နေဂျာနှင့် ဆိုင်ဝန်ထမ်းတစ်ဦးတို့ကိုလည်း အမှုနှင့်ပတ်သက်၍ တရားစွဲတင်နိုင်ရန် အကြောင်းပြချက်ခိုင်လုံမှုမရှိသဖြင့် ဇန်နဝါရီ ၁၆ ရက်တွင် ပြန်လည်လွှတ်ပေးခဲ့ပြီဖြစ်သည်။ ထို့ပြင် ဇန်နဝါရီ ၂ ရက်က ချုပ်ရမန်ဖြင့် ခေါ်ယူဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့သည့် သစ်လုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသူတစ်ဦးကိုလည်း ဖေဖော်ဝါရီ ၃ ရက်တွင် တရားစွဲတင်ရန်အတွက် ခိုင်လုံမှုမရှိသဖြင့် ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးခဲ့ကြောင်း မုံရွာမြို့မရဲစခန်းမှ သိရသည်။

သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့က အမှုနှင့်ပတ်သက်ဆက်စပ်မှုရှိနိုင်သည့် မုံရွာမြို့ပေါ်ရှိ KTV ဆိုင်ရှင်အချို့နှင့် ဆိုင်ဝန်ထမ်းများ၊ သစ်လုပ်ငန်းမှ လုပ်ငန်းရှင်အချို့နှင့် ဝန်ထမ်းအချို့ကို ခေါ်ယူစစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အချိန်ကြာလာတာနဲ့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားမှာကိုလည်း စိုးရိမ်မိတယ်။ ကိုစိုးမိုးထွန်း သေဆုံးပြီးချိန်မှာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က အိမ်ကိုလာပြီး နာရေးမေးသွားတုန်းက ပြောသွားခဲ့တာရှိပါတယ်။ အမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့အနေနဲ့ ရဲရဲဝံ့ဝံ့ ဖော်ထုတ်အရေးယူပေးဖို့၊ နောက်ကွယ်က ပါဝင်ပတ်သက်သူတွေကိုပါ ဖော်ထုတ်အရေးယူပေးဖို့ ပြောဆိုသွားတာရှိပါတယ်။ ဝန်ကြီးချုပ်အနေနဲ့ ကိုစိုးမိုးထွန်းရဲ့အမှုကို မမေ့ဖို့အတွက်လည်း တောင်းဆိုချင်ပါတယ်။ အမှုမှန် အမြန်ဆုံးပေါ်ပေါက်အောင် ကူညီပေးကြပါလို့ တောင်းဆိုချင်ပါတယ်” ဟု ကိုစိုးမိုးထွန်း၏ ဇနီးဖြစ်သူမခင်ချိုလတ်က ပြောကြားသည်။

Eleven Media Group ၏ မုံရွာမြို့အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်းမှာ ၂၀၁၆ ခုနှစ်ဒီဇင်ဘာ ၁၃ ရက် နံနက် ၀၀ နာရီ မိနစ် ၂၀ တွင် မုံရွာမြို့အောင်ချမ်းသာရပ်ကွက်၊ ပြည်ထောင်စုလမ်းနံဘေးတွင် ဦးခေါင်းထိပ်ကွဲပြဲဒဏ်ရာ နှစ်ချက်၊ ဝဲမျက်ခုံးကွဲပြဲ ဒဏ်ရာတစ်ချက်၊ မျက်နှာဖူးရောင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် မှောက်လျက်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး ထိုဖြစ်စဉ်ကို အမှုကြီး (လူသတ်မှု) အမှတ်စဉ် ၁၀/၂၀၁၆ (ပ) ၁၅၆၄/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် မုံရွာမြို့မရဲစခန်းတွင် အမှုဖွင့်၍စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

Writer - ကောင်းခန့်လင်း

Most Read

Most Recent