တိုင်းရင်းသားများအနေဖြင့် လွတ်လပ်မှု၊ အမျိုးသားတန်းတူမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများနှင့် ရလဒ်များအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအကျ ထည့်သွင်းပြဋ္ဌာန်းထားရန် လိုအပ်ကြောင်း KNU ဥက္ကဋ္ဌပြောကြား

တိုင်းရင်းသားများအနေဖြင့် လွတ်လပ်မှု၊ အမျိုးသားတန်းတူမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများနှင့် ရလဒ်များအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအကျ ထည့်သွင်းပြဋ္ဌာန်းထားရန် လိုအပ်ကြောင်း KNU ဥက္ကဋ္ဌပြောကြား
Published 12 August 2017


သြဂုတ် ၁၂ ရက်က ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ စိန်ပီတာ စိန်ပေါလ်ဘုရားကျောင်းတွင် ပြုလုပ်သော (၆၇) နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့အခမ်းအနားကို တွေ့ရစဉ်

ကရင်အမျိုးသားများနှင့် တိုင်းရင်းသားများအနေဖြင့် လွတ်လပ်မှု၊ အမျိုးသားတန်းတူမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများနှင့် တွေ့ဆုံဆွေးနွေးရေး ရလဒ်များအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအကျ ထည့်သွင်းပြဋ္ဌာန်းထားရန် လိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက သြဂုတ် ၁၂ ရက်တွင်ကျရောက်သည့် ကရင်အာဇာနည်နေ့ အခမ်းအနားများသို့ ပေးပို့သည့်သဝဏ်လွှာတွင် ပြောကြားထားသည်။

ကရင်အမျိုးသားများနှင့် တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးရည်မှန်းချက်များနှင့် ဖက်ဒရယ်ပြည်ထောင်စုကြီးကို ဒီမိုကရေစီစနစ်အပေါ်အခြေခံပြီး တည်ဆောက်နိုင်ရန် လမ်းဖွင့်နေပြီဖြစ်ကြောင်း၊ KNU နှင့် ကရင်အမျိုးသားထု တစ်ရပ်လုံးအနေဖြင့် နိုင်ငံရေးရည်မှန်းချက်များနှင့် နိုင်ငံရေးသတိရှိကြပြီး မိမိတို့၏ အမျိုးသားများ၏ လိုအင်ဆန္ဒများကို နိုင်ငံရေးနည်းလမ်းဖြင့် ပြီးပြည့်စုံစေရန် ပြင်ဆင်မှုများပြုလုပ်ထားရှိရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ရန် မိမိတို့၏ကံကြမ္မာနှင့် ရည်မှန်းချက်ပန်းတိုင်တူသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အခြားသော နိုင်ငံရေးအဖွဲ့အစည်းများနှင့်အတူ ညီညီညွတ်ညွတ်ဖြင့် တန်းတူရည်တူမှုအပေါ်တွင် ဆွေးနွေးလုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ခံယူချက်နှင့် သဘောထားရပ်တည်ချက်များအားလုံး တညီတညွတ်တည်း မရှိကြကြောင်း၊ သို့ရာတွင် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန်နှင့်နိုင်ငံရေး ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ရည်မှန်းချက် ပန်းတိုင်တစ်ခုတည်းထားရှိကာ တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းသူပြည်သားအားလုံးအတွက် ပါဝင်သင့်ပါဝင်ထိုက်သူများ အားလုံးပါဝင် ပူးပေါင်းလုပ်ဆောင်သွားကြရန်လိုကြောင်း KNU ဥက္ကဋ္ဌက သဝဏ်လွှာတွင် တိုက်တွန်းထားသည်။

ထို့ပြင် တစ်ချိန်တည်းမှာပင် မိမိတို့အနေဖြင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးနည်းလမ်းများဖြင့် ကြိုးစားအားထုတ်နေစဉ်အတွင်း မိမိတို့အားစစ်ရေးအရ အနိုင်ကျင့်စော်ကားမှုများကို မကျူးလွန်နိုင်ရန် တော်လှန်ရေးသတိ အမြဲရှိကြရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မိမိတို့၏အမျိုးသားများအပေါ်တွင် ကျရောက်လာမည့် အန္တရာယ်မှန်သမျှကို တရားမျှတမှုအပေါ်အခြေခံပြီး ကာကွယ်စောင့်ရှောက်သွားကြရန် တာဝန်ရှိပြီး မည်သည့်အရာမှ မိမိတို့အား တားဆီးပိုင်ခွင့်မရှိကြောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

“ယခင်က အခြေအနေများကဲ့သို့ တိုက်ပွဲများ ပြန်လည်မဖြစ်ပွားစေရန် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများအပြင် အစိုးရနှင့် အတူတကွ ကြိုးစားလုပ်ဆောင်သွားကြရန် လိုအပ်ပါသည်။ ယခုလက်ရှိကာလတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားကြပါသည်။ သို့ရာတွင် ငြိမ်းချမ်းရေး သဘောတူညီချက်စာချုပ်ကို အပြည့်အဝမရရှိသေးပါ။ ငြိမ်းချမ်းရေးအတွက် အာမခံချက် အပြည့်အဝမရရှိသေးပါ။ ယနေ့ထက်ထိတိုင် မိမိတို့ ကရင်အမျိုးသားများနှင့်တိုင်းရင်းသားများအနေဖြင့် ဥပဒေနှင့်အညီ လွတ်လပ်မှု၊ အမျိုးသားတန်းတူမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို ဥပဒေနှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရေးသားပြဋ္ဌာန်းထားခြင်းမရှိကြသေးပါ။ ထိုအခွင့်အရေးများသည် နိုင်ငံရေးလုပ်ငန်းစဉ်များအရ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်း သတ်မှတ်ပြဋ္ဌာန်းထားရန် လိုအပ်ပါသည်။ ထိုအခွင့်အရေးများကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများနှင့် တွေ့ဆုံဆွေးနွေးရေး ရလဒ်များအတိုင်း နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအကျ ထည့်သွင်းပြဋ္ဌာန်းထားရန် လိုအပ်ပါသည်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက သဝဏ်လွှာတွင် ရေးသားပြောကြားသည်။

ထို့အတူ ကရင်အမျိုးသားများအနေဖြင့် မိမိတို့၏ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေရသည့်အချိန်တွင် မိမိတို့နှင့်အတူတကွ ပါဝင်ဆင်နွှဲကြရန် ဆန္ဒရှိကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အခွင့်အလမ်းမရရှိခဲ့ကြောင်း၊ သို့ရာတွင် ယခုကဲ့သို့ နိုင်ငံရေးနည်းလမ်းအရ ကြိုးပမ်းအားထုတ်လျက်ရှိသော အခါသမယတွင် မိမိတို့ကရင်အမျိုးသားများအနေဖြင့် မိမိတို့၏နေရာဒေသနှင့် မိမိတို့၏ ကျရာအခန်းကဏ္ဍအသီးသီးတွင် ပူးပေါင်းပါဝင်နိုင်ကြောင်း၊ ကရင်အမျိုးသားများအနေဖြင့် စည်းလုံးညီညွတ်မှုနှင့် ကရင်အမျိုးသားများ၏ နိုင်ငံရေးလိုအင်ဆန္ဒများကို တညီတညွတ်တည်း ရဲရင့်ပြတ်သားစွာ ထုတ်ဖော်ပြသရမည့် အချိန်လည်းဖြစ်ကြောင်း သဝဏ်လွှာတွင် KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ရေးသားပြောထားသည်။

Writer - ကျော်ဇင်ဝင်း