ဗိုလ်ချုပ်ဈေးသစ်ရှိ ဆေးဆိုင်များမှ ဆေးဝါးများအား ဓာတ်ခွဲစစ်ဆေးရန် FDA က ဈေးကွက်နမူနာ ရယူထားပြီး ဆေးဆိုင်လိုင်စင်နှင့် ဆေးလက်ကားရောင်းချခွင့်လိုင်စင်များ လျှောက်ထားရန်အသိပေး

ဗိုလ်ချုပ်ဈေးသစ်ရှိ ဆေးဆိုင်များမှ ဆေးဝါးများအား ဓာတ်ခွဲစစ်ဆေးရန် FDA က ဈေးကွက်နမူနာ ရယူထားပြီး ဆေးဆိုင်လိုင်စင်နှင့် ဆေးလက်ကားရောင်းချခွင့်လိုင်စင်များ လျှောက်ထားရန်အသိပေး
Published 16 February 2018

ဗိုလ်ချုပ်ဈေးသစ်ရှိ ဆေးဝါးအရောင်းဆိုင်အချို့အား FDA က တာဝန်ရှိသူများ ဝင်ရောက်စစ်ဆေးနေစဉ်

ဖေဖော်ဝါရီ ၁၄ ရက်က အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရန်ကုန်အဖွဲ့သည်ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်ဈေးသစ်ရှိ ဆေးဝါးအရောင်းဆိုင်များမှ ဆေးဝါးများအား  ဓာတ်ခွဲစစ်ဆေးရန် ဈေးကွက်နမူနာ ရယူခဲ့ပြီး ဆေးအရောင်းဆိုင်များအနေဖြင့် ဆေးဆိုင်လိုင်စင်နှင့် ဆေးလက်ကားရောင်း ချခွင့်လိုင်စင်များ လျှောက်ထားကြရန် မြန်မာ နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အသိပေးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၄ ရက်က ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်ဈေးသစ်ရှိ ဆေးဝါးလက်လီ လက်ကားရောင်းချနေသူများအား ဆေးဆိုင်များတွင် ကောင်းမွန်သောဆေးဝါးရောင်းချမှု ကျင့်စဉ်နှင့်အညီ ရောင်းချနိုင်ရန် ဆေးဆိုင်များ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ စပ်ဆေး အန္တရာယ်၊ အရည်အသွေး အာမခံချက်မရှိသော လိုင်းဆေး (မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော ဆေး)များနှင့် သက်တမ်းလွန်ဆေးဝါးများ သိုလှောင်ရောင်းချမှု မရှိစေရေးနှင့် ဆေးဆိုင်လိုင်စင်ပုံမှန် သက်တမ်းတိုးရေး၊ ဆေးလက်ကား ရောင်းချခွင့်လိုင်စင်လျှောက်ထားရန်တို့ကို အသိပေးဆွေးနွေးခဲ့ပြီး ဆေးဝါးရောင်းချသူများအနေဖြင့် သိသင့်သည့်အမျိုးသားဆေးဝါး ဥပဒေပါ ပြဋ္ဌာန်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် ဗိုလ်ချုပ်ဈေးသစ်ရှိ ဆေးဆိုင်များ ကို စစ်ဆေးခဲ့ပြီး ဆေးဝါးရောင်းချမှုဆိုင်ရာ အသိပညာပေးစာစောင်များ၊ လက်ကမ်းစာစောင်များ၊ ဗွီနိုင်းများစသည်တို့ပေးဝေ၍  ဆေးဆိုင်များတွင် ရောင်းချနေသည့်ဆေးဝါးအချို့ကို ဓာတ်ခွဲစစ်ဆေးရန် ဈေးကွက်နမူနာ ရယူခဲ့ကြောင်းလည်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်လေးခရိုင်ရှိ လက်လီ၊ လက်ကားဆေး အရောင်းဆိုင်များရှိ ဆေးဝါးများ၏ အရည်အသွေး အာနိသင်နှင့်ပတ်သက်၍ ဓာတ်ခွဲစမ်းသပ်စစ်ဆေးရန် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနက ဈေးကွက်နမူနာ ကောက်ယူနေပြီး သတ်မှတ်ချက်နှင့်ကိုက်ညီမှု မရှိသည့်ဆေးဆိုင်များကို အမျိုးသားဆေးဝါးဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း နှင့် ဖေဖော်ဝါရီလပထမပတ်အတွင်းက မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေမင်္ဂလာဈေး၊ ရွှေ ပြည့်စုံဈေး၊ မင်္ဂလာမွန်ဈေးရှိ ဆေးဝါးလက်လီလက်ကားအရောင်းဆိုင်များတွင် လိုင်းဆေး၊ သက်တမ်းလွန်ဆေးဝါးများ သိုလှောင် ရောင်းချမှု မရှိစေရေးနှင့် ဆေးလက်ကား ရောင်းချခွင့်လိုင်စင်လျှောက်ထားရန် အသိပေးထားကြောင်း မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

ထို့ပြင် ဆေးဝါးလက်လီ၊ လက်ကား ရောင်းချသူများအား ဆေးဆိုင်များတွင် ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်နှင့်အညီ ရောင်းချနိုင်ရန်အတွက် ဆေးဆိုင်များ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ စပ်ဆေး အန္တရာယ်၊ အရည်အသွေး အာမခံချက်မရှိသော လိုင်းဆေး(မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသောဆေး)များနှင့် သက်တမ်းလွန်ဆေးဝါးများသိုလှောင်ရောင်းချမှုမရှိစေရေးနှင့် ဆေးဆိုင်လိုင်စင်ပုံမှန်သက်တမ်းတိုးရေး၊ ဆေးလက်ကားရောင်းချခွင့် လိုင်စင်လျှောက်ထားရန်တို့ကို ဆွေးနွေးဟော  ပြောခဲ့ပြီး ဆေးဝါးရောင်းချသူများအနေဖြင့် သိသင့်သည့်အမျိုးသားဆေးဝါးဥပဒေပါ ပြဋ္ဌာန်းချက်များ ကိုလည်းရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အမျိုးသားဆေးဝါးဥပဒေအရ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါး၊ မှတ်ပုံတင် ခေတ္တရုပ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်းပြုလုပ်ထားသော ဆေးဝါး၊ ဆေးဝါးအတု၊ စံမညီဆေးဝါး၊ ပျက်စီးဆေးဝါး၊ ရောနှောဆေးဝါးများ၊ ဘေး ဥပဒ်ဖြစ်စေနိုင်သည့်ပစ္စည်းများဖြင့် ဖော်စပ် ထုတ်လုပ်ထားသော ဆေးဝါး၊ ကျန်းမာရေးဝန်ကြီးဌာနက သုံးစွဲရန်မသင့်ဟု အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ထားသော ဘေးအန္တရာယ်ရှိသည့် ဆေးဝါးများကို ထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းများ ပြုလုပ်ခဲ့ပါက ယင်းဥပဒေဖြင့် အရေးယူနိုင်ကြောင်း သိရသည်။

ဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခံရပါက ငွေဒဏ်အနည်းဆုံး ကျပ် ၅၀၀၀၀ မှ အများဆုံး ကျပ် ၅၀၀၀၀၀ အထိဖြစ်စေ၊ ထောင်ဒဏ်ခုနစ်နှစ်အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံနိုင်ကြောင်း ဖော်ပြထားသည်။

Most Read

Most Recent