ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ယူ တည်ဆောက်မည့် ဈေးငါးဈေးစီမံကိန်းကို ဖျက်သိမ်း

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ယူ တည်ဆောက်မည့် ဈေးငါးဈေးစီမံကိန်းကို ဖျက်သိမ်း
Published 16 February 2018

ရခိုင်ပြည်နယ် အစိုးရအနေဖြင့် တာဝန်ယူ တည်ဆောက်မည့် အဆင့်မြင့်ဈေးကြီးငါးဈေး စီမံကိန်းအား ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်က “အဲဒီဈေးငါး ဈေးကိစ္စက ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တာဝန်ယူပြီး တည်ဆောက်ဖို့ လုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း လက်မခံဘူးပေါ့။ ကျွန်တော်လည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်နေတယ်။ စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို စွပ်စွဲပြစ်တင်တဲ့အထဲမှာ အဲဒီဈေးဆောက်တဲ့ကိစ္စလည်း ပါဝင်ခဲ့တယ်ဆိုတော့ ကျွန်တော်တို့က အခုယာယီစည်ပင်ဝန်ကြီး နေရာယူထားရတော့ ဘဏ္ဍာရေးဝန်ကြီးနဲ့ ညှိနှိုင်းပြီးတော့ တစ်မြို့နယ်ကို ၂ ဒသမ ၅ ဘီလျံကို ကျွန်တော်တို့က ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းအညီ ခွဲဖို့သတ်မှတ်ခဲ့တယ်။ အစိုးရအဖွဲ့ရဲ့ အထူးအစည်းအဝေး ပြုလုပ်ပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ တွက်ချက်ပုံနည်း စနစ်နဲ့ ကျွန်တော်တို့ အဲဒီ ၂ ဒသမ ၅ ဘီလျံ ကို ကျွန်တော်တို့ မြို့နယ် ၁၇ မြို့နယ်ကို ခွဲဝေပေးလိုက်တယ်။ ကျွန်တော်တို့အစိုးရ အနေနဲ့ကတော့ ဒီနှစ်မှာ အဲဒီလိုဆောက်မယ့် Plan တော့ မရှိတော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်နဲ့လည်း ပွတ်တိုက်မှု မဖြစ်ချင်ဘူး။ အဲဒီကိစ္စကို ဖျက်သိမ်းလိုက်ခြင်းအားဖြင့် အားလုံးလည်းပြေလည်သွားမယ်။ တခြားမြို့နယ်တွေအတွက်လည်း ခွဲတမ်းငွေတွေ ရသွားမယ်ပေါ့” ဟု ဝန်ကြီး ဦးကျော်လွင်က ပြောကြားသည်။

အဆိုပါဈေးသစ်ကြီးငါးခုကို စစ်တွေ၊ ကျောက်တော်၊ ရမ်းဗြဲ၊ တောင်ကုတ်နှင့် ဂွမြို့များ၌ တည်ဆောက်ရန် သတ်မှတ်ခဲ့သော်လည်း ယင်းစီမံကိန်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်သို့ တင်ပြခဲ့ခြင်းမရှိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ပြောဆိုခဲ့မှုများရှိခဲ့ပြီး လွှတ်တော်အနေဖြင့်လည်း ကန့်ကွက်ပြောဆိုမှုများ ရှိခဲ့ကြောင်းနှင့် အဆိုပါဈေးများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် တည်ဆောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အသစ်တည်ဆောက်မည့် အဆင့်မြင့် ဈေးကြီးငါးခုမှာ လေးထပ်အဆောက်အအုံအဖြစ် အဆင့်မြှင့်တင်ပြီး ဆောက်လုပ်ရန်အတွက် ယခင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်လက်ထက်တွင် စီစဉ်ထားခဲ့ခြင်းဖြစ်ပြီး ယင်းသို့ စီစဉ်ခဲ့မှုသည် ပြည်နယ်လွှတ်တော်သို့ မတင်ပြဘဲ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်တစ်ခုတည်းဖြင့် ဆောင်ရွက်သည်ဟုဆိုကာ လွှတ်တော်က ကန့်ကွက်ခဲ့မှုများ ရှိခဲ့သည်။ ပြစ်တင်မှုများလည်းရှိခဲ့ပြီး မြို့ကြီးများမဟုတ်သည့်အတွက် ထိုသို့သော ဈေးကြီးများ တည်ဆောက်ရန် မသင့်တော်ကြောင်းလည်း ပြောဆိုမှုများရှိခဲ့သည်။

“အမှန်တကယ် လိုအပ်ရင်တော့ ဆောက်ရမှာဖြစ်တယ်။ အဲဒီအတွက်လည်း လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ပြီးတော့ ဘယ်မြို့မှာလုပ်သင့်တယ်ဆိုတာ တိုင်ပင်သင့်ပါတယ်။ မတိုင်ပင်ဘဲ သူတို့သဘောနဲ့ သူတို့၊ နောက်ဆုံးမှာလေ့လာကြည့်တော့ ဝန်ကြီးချုပ်ရှိတဲ့မြို့၊ ဝန်ကြီးတွေရှိတဲ့မြို့မှာပဲ ဦးစားပေးပြီးတော့ ချမှတ်ထားတဲ့အတွက် ဒါဟာ မသင့်တော်ဘူးလို့ ကျွန်တော်တို့က မြင်တယ်” ဟု ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်းက ပြောကြားသည်။