ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အား ရယူနေရသည့် မြဝတီမြို့အပါအဝင် ကော့ကရိတ်နှင့် ပတ်ဝန်းကျင်ကျေးရွာများ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် အရေးပေါ်ရန်ပုံငွေမှ ကျပ်သန်း ၂၈၀၀ သုံးစွဲမည်

ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အား ရယူနေရသည့် မြဝတီမြို့အပါအဝင် ကော့ကရိတ်နှင့် ပတ်ဝန်းကျင်ကျေးရွာများ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် အရေးပေါ်ရန်ပုံငွေမှ ကျပ်သန်း ၂၈၀၀ သုံးစွဲမည်
Published 14 February 2018

ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အား ရယူနေရသည့် မြဝတီမြို့အပါအဝင် ကော့ကရိတ်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ ကျပ်သန်း ၂၈၀၀ သုံးစွဲမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ် ရန်ပုံငွေမှ ကျပ် ၁၃၅၉၅ ဒသမ ၁၆၆ သန်း ခွဲဝေသုံးစွဲခဲ့သည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး  နေပြည်တော်၌ ဖေဖော်ဝါရီ ၁၃ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး သတ္တမနေ့တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရှင်းလင်းတင်ပြရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“မော်လမြိုင်မြို့မှာရှိတဲ့ ၂၃၀ ကေဗီပင်မဓာတ်အားခွဲရုံ ထံမှတစ်ဆင့် မြဝတီမြို့ကို ၂၃၀ ကေဗီဓာတ်အားလိုင်းကို တည်ဆောက်နေလျက် ရှိပါတယ်။ မြဝတီမြို့မှာ ၂၃၀ ကေဗီ ပင်မခွဲရုံကြီး တစ်ရုံကိုလည်း တည်ဆောက်လျက်ရှိတာ ဖြစ်ပါတယ်။ အဆိုပါ ၂၃၀ ကေဗွီဓာတ်အားလိုင်းနဲ့ ပင်မဓာတ်အားခွဲရုံကြီး တည်ဆောက်ပြီး သွားမယ်ဆိုရင် မြဝတီမြို့မှာရှိတဲ့ ရပ်ကွက်ကြီး ငါးရပ်ကွက်နဲ့ အနီးအနားမှာရှိတဲ့ ကျေးရွာပေါင်း ၄၆ ရွာ၊ အိမ်ထောင်စုပေါင်း ၂၀၈၀၀ ကျော်ကို ၂၄ နာရီ ဓာတ်အားရရှိသွားမှာ ဖြစ်သလို ကော့ကရိတ်မြို့မှာရှိတဲ့ ရပ်ကွက်ကြီး ခုနစ်ခုနဲ့ ကျေးရွာပေါင်း ၁၁ ရွာ၊ အိမ်ထောင်စုပေါင်း ၇၂၀၀ ကျော်ကို ၂၄ နာရီ ဓာတ်အားဖြန့်ဖြူး ပေးနိုင်မှာဖြစ်တဲ့အပြင် ကျုံဒိုးမြို့မှာရှိတဲ့ ရပ်ကွက် ၄ ခုနဲ့ ကျေးရွာ ၃၂ ရွာ၊ အိမ်ထောင်စုပေါင်း ၅၈၀၀ ကျော်ကိုလည်း ဓာတ်အား ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

လက်ရှိအချိန်တွင် မြဝတီမြို့ကို ထိုင်းနိုင်ငံမှ ဓာတ်အားရယူပြီး တစ်ယူနစ်လျှင် မြန်မာကျပ်ငွေ ပျမ်းမျှ ၂၃၀ ခန့်ဖြင့် ဓာတ်အား ဖြန့်ဖြူးလျက်ရှိပြီး ကော့ကရိတ်မြို့ကို စက်တပ်ဆင်အင်အား ၇၅၀ ကီလိုဝပ်ရှိ ဒီဇယ်လျှပ်စစ် ဓာတ်အားပေးစက် ခြောက်လုံးဖြင့် ဒေါနအလင်း ကုမ္ပဏီမှ တစ်ယူနစ်လျှင် ကျပ်ငွေ ၂၃၀ ခန့်ဖြင့် ၂၄ နာရီ ဓာတ်အားဖြန့်ဖြူး ပေးလျက်ရှိကြောင်းနှင့် ကျုံဒိုးမြို့အား ၆၆ ကေဗွီ ဘုရားကုန်းခွဲရုံမှ ၁၁ ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်၍ ဓာတ်အားဖြန့်ဖြူးပေးလျက် ရှိသော်လည်း ဓာတ်အားလိုင်းမိုင် ရှည်လျားခြင်းကြောင့် ဗို့အား ပြည့်ဝစွာ ဖြန့်ဖြူးနိုင်ခြင်း မရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

စီမံကိန်းအတွက် ပစ္စည်းများအား စာချုပ်ချုပ်ဆိုဝယ်ယူခဲ့ပြီး ဓာတ်အားလိုင်း ပစ္စည် များ ၇၄ ရာခိုင်နှုန်းနှင့် ဓာတ်အားခွဲရုံပစ္စည်း ရာနှုန်းပြည့်ရောက်ရှိပြီးဖြစ်ကာ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်မှုတွင် ဓာတ်အားလိုင်း ၅၄ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဓာတ်အားခွဲ ရုံ ၈၂ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်၍ ၂၀၁၉ ခုနှစ် မတ်လမတိုင်မီ စီမံကိန်းတစ်ခုလုံးကို ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ယခုနှစ်အတွင်း ဆောင်ရွက်နိုင်သော တည်ဆောက်ရေး လုပ်ငန်းများအတွက် လိုအပ်သည့် ကျပ် ၇၆၈ ဒသမ ၈၅ သန်းနှင့် မော်လမြိုင်ခွဲရုံအဝင် ဓာတ်အားလိုင်းအတွက် တာဝါများဝယ်ယူရန် လိုအပ်သည့် ငွေကျပ်သန်း ၈၀၀၊ စုစုပေါင်း ကျပ်သန်း ၂၈၀၀ ကို အရေးပေါ် ရန်ပုံငွေတွင် ထည့်သွင်း တောင်းခံရခြင်း ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

 

Most Read

Most Recent