မြန်မာဘက်ကမ်းစပ်နားထိ သဲလာစုပ်ယူနေသော ထိုင်းသဲစုပ်လုပ်ငန်းများကြောင့် မြန်မာ့ပိုက်နက်ကမ်းပါး ပြိုကျမှုများ ဖြစ်ပေါ်နေ

မြန်မာဘက်ကမ်းစပ်နားထိ သဲလာစုပ်ယူနေသော ထိုင်းသဲစုပ်လုပ်ငန်းများကြောင့် မြန်မာ့ပိုက်နက်ကမ်းပါး ပြိုကျမှုများ ဖြစ်ပေါ်နေ
Published 10 February 2018

မြန်မာဘက်ကမ်းစပ်နားထိ သဲလာစုပ်ယူနေသော သဲစုပ်စက်လှေ တစ်စင်းကို တွေ့ရစဉ်

မြန်မာ-ထိုင်း နယ်စပ်စည်းခြားထားသည့် သောင်းရင်းမြစ်တွင် မြန်မာဘက်ကမ်းစပ်နားထိ သဲလာစုပ်ယူသော ထိုင်းနိုင်ငံသားများ၏ သဲစုပ်လုပ်ငန်းများကြောင့် မြန်မာ့ပိုင်နက် ကမ်းပါးပဲ့ကြွေပြိုကျနေမှုကို သက်ဆိုင်ရာမှ ထိရောက်စွာ တားမြစ်ကာကွယ်ရန် လိုအပ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ မြဝတီခရိုင်နှင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်တို့ကို စည်းခြားထားသည့် သောင်ရင်းမြစ်အတွင်း သဲ၊ ခဲစုပ်ယူခြင်းအား သက်ဆိုင်ရာမှတား မြစ်ထားသော်လည်း ထိုင်းနိုင်ငံဘက်မှ သဲစုပ်လှေဖြင့် မြန်မာဘက် ကမ်းကမ်းစပ်အနီးသို့ လာရောက် စုပ်ယူနေခြင်းကြောင့် မြန်မာဘက်ကမ်းစပ်တွင် မြေပြိုမှုများ ဆက်တိုက် ဖြစ်ပွားလျက်ရှိပြီး နိုင်ငံပိုင်နက်မြေများ ဆုံးရှုံးနေသည်ဟု ဆိုသည်။

“ထိုင်းဘက်က သဲစုပ်တာ ကျွန်တော်တို့ ကြည့်နေစဉ်မှာပဲ၊ အနံသုံးပေ၊ အလျား ၁၀ ပေလောက် ပြိုသွားတယ်။ တကယ်လို့ လူတွေမရှိတဲ့အချိန် ဆက်စုပ်နေမယ်ဆိုရင် တစ်လအတွင်းမှာပဲ မြန်မာနိုင်ငံဘက်ကို ပေ ၅၀၊ ပေ ၇၀ လောက်ထိ ပြိုကျသွားနိုင်တယ်။ အဲဒီလို ဖြစ်အောင်လည်း စီမံချက်နဲ့ လုပ်နေတယ်လို့ထင်တယ်။ ရေကကျွန်တော်တို့ဘက်ကို တိုက်နေတာ။ အေးလိုသဲစုပ်၊ ရေတိုက်စားနေရင် ပြိုကျဖို့လည်းလွယ်တယ်။ ကမ်းပါးပြိုကျနေတော့ ကျွန်တော်တို့နိုင်ငံရဲ့ နယ်နိမိတ်ဆုံးရှုံးနေမှာ ဖြစ်တဲ့အတွက် သဲစုပ်လုပ်ငန်းကို ထိရောက်စွာ တားဆီးဖို့ လိုပါတယ်” ဟု မြဝတီလူမှုကွန်ရက်အဖွဲ့မှ ဆရာဦးဝင်းချိုက ပြောကြားသည်။

ထိုင်းနိုင်ငံဘက်မှ သဲစုပ်ယူနေခြင်းကြောင့် မြန်မာဘက် သောင်ရင်းမြစ်ကမ်းပါး ပြိုကျနေမှုအား မြဝတီမြို့နယ်၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဒီဇင်ဘာ ၁၁ ရက်က သွားရောက် စစ်ဆေးခဲ့သော်လည်း ယခုလတွင် ကျောက်၊ သဲများ စုပ်ယူခြင်းကို ဆက်လက် ပြုလုပ်နေဆဲဖြစ်သည်။

“ဝမ်းနည်းစရာ ကောင်းတာက ကျွန်တော်တို့ဘက်ကမ်းမှာ လာစုပ်ယူတဲ့ သဲ၊ ကျောက်တွေနဲ့ သူတို့ကမ်းဘက်မှာ ရေထိန်းနံရံ ချက်ချင်းတည်ဆောက်နေတာ တွေ့နေရတာပါပဲ။ နှစ်နိုင်ငံပေါ့နော်။ နိုင်ငံတော်အဆင့် သောင်ရင်းမြစ် အတွင်းမှာ သဲစုပ်ယူတဲ့လုပ်ငန်း မလုပ်ဖို့ တားဆီးဖို့ လိုအပ်ပါတယ်။ နိုင်ငံတော်အနေနဲ့လည်း ထိုက်သင့်တဲ့ ဘတ်ဂျက်နဲ့ ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ဖို့ လိုအပ်ပါတယ်” ဟု မြဝတီမြို့လူမှု ကွန်ရက်အဖွဲ့ဦးဝင်းချိုက ဆိုသည်။

ထိုင်းနိုင်ငံဘက်မှ လာရောက် သဲစုပ်ယူသည့်နေရာမှာ အမှတ် (၅) ရပ်ကွက် လူနေအိမ်ကျဲသည့် လူနေအိမ်မရှိသည့် မြစ်ကမ်းပါးကို လာရောက ်စုပ်ယူခြင်းဖြစ်ပြီး အမှတ် (၂) ချစ်ကြည်ရေး တံတားနှင့် နီးပြီးလုံခြုံရေး အားနည်းသောနေရာ ဖြစ်သည်ဟု ဆိုသည်။ မိမိနိုင်ငံပိုင်နက်မြေများ၊ ပဲကြွေပြီး ကမ်းပါးပြိုကျမှုမှ ကာကွယ်နိုင်ရန် မြစ်အတွင်း သဲစုပ်ယူခြင်းများအား ထိရောက်စွာ တားမြစ်ရန် လိုအပ်သလို သောင်ရင်းကမ်းစပ် တစ်လျှောက်ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်နေဆဲ ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent