KIO ဥက္ကဋ္ဌသစ်နှင့် တပ်မတော်တို့ တွေ့ဆုံမှုတွင် ကေအိုင်အေ တပ်ရင်းအချို့ ဆုတ်ခွာပေးရန် တပ်မတော်က တောင်းဆိုခဲ့ကြောင်း ကေအိုင်အို ထုတ်ပြန်

KIO ဥက္ကဋ္ဌသစ်နှင့် တပ်မတော်တို့ တွေ့ဆုံမှုတွင် ကေအိုင်အေ တပ်ရင်းအချို့ ဆုတ်ခွာပေးရန် တပ်မတော်က တောင်းဆိုခဲ့ကြောင်း ကေအိုင်အို ထုတ်ပြန်
Published 9 February 2018

KIO ဥက္ကဋ္ဌသစ်နှင့် တပ်မတော်တို့ တွေ့ဆုံမှုတွင် ကေအိုင်အေတပ်ရင်းအချို့ကို ဆုတ်ခွာပေးရန် တပ်မတော်က တောင်းဆိုခဲ့ကြောင်း ကေအိုင်အို ဗဟိုကော်မတီက ထုတ်ပြန်သည်။

အချက်ငါးချက်ပါဝင်သည့် ဖေဖော်ဝါရီ ၈ ရက် ထုတ်ပြန်ချက်တွင် ယင်းအချက်အား ထည့်သွင်းထားခြင်းဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံ အာရှရေးရာ အထူးသံတမန်၏ ကြားဝင်စေ့စပ် ကူညီဆောင်ရွက်မှုကြောင့် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စားဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် KIO ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သည့် ကော်မတီဝင်များမှာ တရုတ်နိုင်ငံယူနန်ပြည်နယ် တာလီမြို့၌ ဖေဖော်ဝါရီ ၁ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း၊ ယင်းတွေ့ဆုံမှုသည် KIO ဗဟိုနှင့် မြန်မာ့တပ်မတော်တို့၏ သီးခြားတွေ့ဆုံသည့် ပထမဆုံးဆွေးနွေးပွဲဖြစ်ကြောင်း KIO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KIO အဖွဲ့က လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများ အပါအဝင် ဒေသတည်ငြိမ်ရေး၊ တိုက်ပွဲများ လျှော့ချရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အားလုံးပါဝင်ရေးနှင့် ပင်လုံကတိကဝတ်နှင့်အညီ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အလေးထား ဆွေးနွေးခဲ့ကြောင်း၊ မြန်မာ့တပ်မတော်က ဆွေးနွေးရာတွင် KIA တပ်ရင်း ၁၄ ဌာနချုပ် အပါအဝင် KIA ရှေ့တန်းစခန်းများကို ဖယ်ရှားပေးရန်၊ အချို့သော KIA တပ်မဟာများ တည်ရှိမှုကို အသိအမှတ် မပြုနိုင်ကြောင်း ဖိအားပေးဆွေးနွေးခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုတွင် ကတိကဝတ်ပြုသည့် တစ်စုံတစ်ရာ မရရှိခဲ့သော်လည်း ထပ်မံတွေ့ဆုံရန် နှစ်ဖက်စလုံးက သဘောဆန္ဒရှိကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

KIO/KIA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက “တပ်မတော်ဘက်က ရင်း ၁၄ အပါအဝင် တခြားသော တပ်မဟာတွေကို အသိအမှတ်မပြုချင်ဘူးပေါ့။ တပ်မဟာ ၄ ကို လက်မခံဘူးလို့ပြောတယ်။ အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းက တပ်တွေကို လက်မခံဘူးဆိုတဲ့သဘောမျိုး ပြောတယ်လို့ သိရတယ်။ ကျွန်တော်ကိုယ်တိုင်မတက်တော့ အတိအကျမသိဘူးပေါ့။ သဘောတူတဲ့အချက်တော့ မရှိကြဘူးလို့ သိရတယ်။ သဘောတူထားတော့ ပြန်တွေ့မှာပါ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တက်မယ် မတက်ဘူးဆိုတာတော့ ကေအိုင်အို၊ ကေအိုင်အေခေါင်းဆောင်တွေ ဘာမှမပြောသေးဘူး။ ဒီရက်ပိုင်း သုံးရက်လောက်တော့ တိုက်ပွဲတွေမရှိသေးဘူး။ ကေအိုင်အေ ထိန်းချုပ်နယ်မြေတွေက စစ်ရှောင်ပြည်သူတွေက လိုအပ်တဲ့ လူသားချင်းစာနာထောက်ပံ့ရေး အကူအညီကို တပ်မတော်က ဖြတ်တောက်ထားတာ ကြာပါပြီ။ အခက်အခဲရှိတာလည်း ကြာပါပြီ” ဟု ပြောကြားသည်။

တပ်မတော်နှင့် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့တို့သည် တနိုင်းဟူကောင်းဒေသ၊ မြစ်ဆုံအထက်ပိုင်းရှိ မြစ်ကြောင်းနှင့် ဆွမ်ပရာ ဘွမ်လမ်းကြောတွင် ပစ်ခတ်မှုများ ရှစ်လနီးပါးကြာ ဖြစ်ပွားလျက်ရှိသည်။