အငှားယာဉ်ပေါ်တွင် လုယက်ခံရကြောင်း ရဲစခန်းသို့ မမှန်သတင်းပေး တိုင်တန်းသူ အမျိုးသမီးအား အလုပ်နှင့်ထောင်ဒဏ် သုံးလချမှတ်

အငှားယာဉ်ပေါ်တွင် လုယက်ခံရကြောင်း ရဲစခန်းသို့ မမှန်သတင်းပေး တိုင်တန်းသူ အမျိုးသမီးအား အလုပ်နှင့်ထောင်ဒဏ် သုံးလချမှတ်
Published 9 February 2018

အငှားယာဉ်ပေါ်တွင် လုယက်ခံရကြောင်း ရဲစခန်းသို့ မမှန်သတင်းပေး တိုင်တန်းသူ အမျိုးသမီးအား အလုပ်နှင့်ထောင်ဒဏ် သုံးလချမှတ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယင်းဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၇ ရက် နံနက် ၆ နာရီ ၁၅ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်နေ မလှိုင်နှင်းဝေသည် မိဘများနှင့် ချိန်းဆိုထားသဖြင့် ပန်းဆိုးတန်းသို့သွားရန် လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းပေါ် သရက်တောကျောင်းတိုက်အနီးမှ ယာဉ်အမှတ် EE---- Caldinar တက္ကစီတစ်စီးအား ငှားရမ်းစီးနင်းလာခဲ့ကြောင်း သိရသည်။ ထို့နောက် ယာဉ်မောင်းမှာ ပန်းဆိုးတန်းသို့မသွားဘဲ ကွေ့ပတ်မောင်းနှင်ကာ စမ်းချောင်းမြို့နယ် မြေနီကုန်းလမ်းဆုံတွင် မီးနီသဖြင့် မော်တော်ယာဉ်ရပ်ထားစဉ် အမည်မသိ အမျိုးသားတစ်ဦး ယာဉ်ပေါ်သို့ တက်လာခဲ့ကြောင်း သိရသည်။

အဆိုပါ အမည်မသိအမျိုးသားက ခရီးသည်အမျိုးသမီး၏ လက်နှစ်ဖက်အား ဖမ်းချုပ်ပြီး ပါးစပ်ကို လက်ဖြင့်ပိတ်ကာ ယာဉ်မောင်းထံမှ ကတ်ကြေးတောင်းယူ၍ ၎င်း၏အင်္ကျီကို ကတ်ကြေးဖြင့် ဖြဲခဲ့ကြောင်း၊ ကြယ်သီးနှစ်လုံး ပြုတ်သွားပြီး ပိုက်ဆံအိတ်လုသွားခဲ့ကြောင်း၊ အငှားယာဉ်ကို လှည့်ပတ်မောင်းပြီး ကြည့်မြင်တိုင်မြို့နယ် သီရိမင်္ဂလာဈေးဟောင်းရှေ့တွင် ယာဉ်ပေါ်မှ ချထားခဲ့ကြောင်း၊ ခရီးသည်အမျိုးသမီးထံမှ VIVO အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံးနှင့် ကျပ် ၅၀၃၀၀၀ ထည့်ထားသည့် ပိုက်ဆံအိတ်အား လုယူသွားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းဖြစ်စဉ်ကို ခရီးသည်အမျိုးသမီးက ကြည့်မြင်တိုင်မြို့မရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် (ပ)၃၃/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၃၅၄/၄၂၇ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်ခဲ့သည်။

ရဲတပ်ဖွဲ့က စုံစမ်းဆောင်ရွက်ခဲ့ရာ တိုင်တန်းသူ မလှိုင်နှင်းဝေ၏ ထွက်ဆိုချက်မှာ ရှေ့နောက်ညီညွတ်မှုမရှိဘဲ ကွဲလွဲစွာထွက်ဆိုနေကြောင်း၊ ၎င်းငှားရမ်းစီးနင်းလာသည့် ယာဉ်အမှတ် EE---- Caldinar ယာဉ်ဖြတ်သန်းမောင်းနှင်ခဲ့သည့် လမ်းကြောင်းတစ်လျှောက်ရှိ မှတ်တမ်းများ ကြည့်ရှုစစ်ဆေးခဲ့ရာတွင် အဆိုပါ ယာဉ်ဖြတ်သန်း မောင်းနှင်ခဲ့သည့် မှတ်တမ်းများ မတွေ့ရှိခဲ့ရကြောင်း စစ်ဆေးချက်အရ သိရသည်။

ထို့ကြောင့် မလှိုင်နှင်းဝေအား အသေးစိတ် စစ်ဆေးရာ ၎င်းတိုင်တန်းသည့်အမှုမှာ ဖြစ်စဉ်အမှန်မဟုတ်ဘဲ ၎င်းထံ၌ ငွေမရှိဘဲ မိဘများအား ပိုက်ဆံပေးမည်ဟု ပြောဆို၍ ရန်ကုန်သို့လာရောက်ရန် ပြောဆိုခဲ့ကြောင်း၊ မိဘများက ရန်ကုန်သို့ရောက်ရှိသည့်အခါ ပိုက်ဆံပေးစရာမရှိသဖြင့် အကြောင်းပြပြီး လိမ်လည်၍ မမှန်မကန် သတင်းပေး တိုင်တန်းခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရဲစခန်းသို့ မမှန်မကန် သတင်းပေးတိုင်တန်းသူ မလှိုင်နှင်းဝေအား ကြည့်မြင်တိုင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၁၈၂ ဖြင့် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ ကြည့်မြင်တိုင်မြို့ နယ်တရားရုံးရာကြီး အမှတ် ၇၉ /၁၈ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူ မလှိုင်နှင်းဝေအား အလုပ်နှင့် ထောင်ဒဏ် သုံးလချမှတ်ခဲ့ကြောင်း သိရသည်။