ရန်ကုန်တစ်ဖက်ကမ်း ဒလ-ကော့မှူး-ကွမ်းခြံကုန်းတွင် ရန်ကုန်အထူးစီးပွားရေးဇုန် တည်ဆောက်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား

ရန်ကုန်တစ်ဖက်ကမ်း ဒလ-ကော့မှူး-ကွမ်းခြံကုန်းတွင် ရန်ကုန်အထူးစီးပွားရေးဇုန် တည်ဆောက်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား
Published 2 February 2018

ရန်ကုန်မြို့တစ်ဖက်ကမ်းရှိ ဒလ-ကော့မှူး-ကွမ်းခြံကုန်းတွင် ရန်ကုန်အထူးစီးပွားရေးဇုန် တည်ဆောက်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့်  နိုင်ငံတော်ဒုတိယသမ္မတ (၁) နှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ (၁၄) ကြိမ်မြောက်အခမ်းအနားတွင် ပြောကြားသည်။

“ဒလဘက်ကမ်းကနေ ကော့မှူးဘက် ကွမ်းခြံကုန်းဘက်အထိ ရန်ကုန်အထူးစီးပွားရေးဇုန်တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း အထူးစီးပွားရေး ဇုန်များဗဟိုအဖွဲ့မှာ ဆွေးနွေးဖို့အတွက် ကြိုးပမ်းနေပြီ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အဆိုပါ အထူးစီးပွားရေးဇုန်နှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုချက်ရသည်နှင့်တစ်ပြိုက်နက် ဆက်လက်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

“အထူးစီးပွားရေးဇုန် တည်ဆောက်ဖို့အတွက် အထူးစီးပွားရေးဇုန် ဗဟိုအဖွဲ့ကို တင်ပြပြီး ဗဟိုအဖွဲ့ကနေ ပြည်ထောင်စုအ စိုးရအဖွဲ့ကခွင့်ပြုချက်၊ ပြည်ထောင်စုအစိုးရဲ့ သဘောတူညီချက်ရရင် ပြည်ထောင်စု လွှတ်တော်သဘောတူညီချက်ဖြင့် ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့အတွက်လည်း  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြိုးပမ်းဆောင်ရွက်နေပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ဒီအထူးစီးပွားရေးဇုန်တွေ ပေါ်လာပြီ ဆိုရင် မြန်မာနိုင်ငံရဲ့ ထုတ်ကုန်ကဏ္ဍကို တိုးမြှင့်နိုင်မယ်။ ပုဂ္ဂလိကကဏ္ဍကို ပိုမိုတိုးမြှင့်နိုင်မယ်။ စက်မှုလက်မှုကဏ္ဍမှာ ဆောင်ရွက်နေကြတဲ့သူတွေအတွက် စက်မှုဇုန်တွေမှာ အကျပ်အတည်းဖြစ်နေတာတွေကို ဖြေလျှော့ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်များအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြိုးပမ်းဆောင်ရွက်နေကြောင်း အသိပေးပြောကြားပါရစေ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်ဆိပ်ကမ်းကို သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းဖြစ်စေရန်အတွက်  ပင်လယ်ဝဘက်အထိ တိုးမြှင့်ရွှေ့ပြောင်းနိုင်ရေး လေ့လာဆန်းစစ်မှုများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပသည့် နိုင်ငံတော်ဒုတိယ သမ္မတ-၁ ဦးမြင့်ဆွေနှင့် လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ (၁၂) ကြိမ်မြောက်အခမ်းအနားတွင် ပြောကြားသည်။

ယင်းကဲသို့ဆောင်ရွက်ခြင်းသည်  မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများသို့ သင်္ဘောကြီးများ  လာရောက်ဆိုက်ကပ်နိုင်ပါက စရိတ်စကများစွာ သက်သာနိုင်မည်ဖြစ်ကြောင်း၊ သင်္ဘောကြီးများ ဆိုက်ကပ်နိုင်မည့်ဆိပ်ကမ်းများ တည်ဆောက်ထားပြီး ကုန်စည်မရပါကလည်း ဆိပ်ကမ်း၏စရိတ်နှင့် ကုန်စည်ပြဿနာရှိလာနိုင်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထို့ကြောင့် အဝင်အထွက်လမ်းကြောင်းများ၊ ယင်းနေရာတွင်ရှိနေသည့် သဲနုန်းကျနေသည့် အခြေအနေကို ထိန်းသိမ်းသွားရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဆိပ်ကမ်းကိုးခုရှိသည့်အနက် ရန်ကုန်ဆိပ်ကမ်းမှာ ကုန်စည် ရာခိုင်နှုန်း ၉၀ ကို ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် ရန်ကုန်ဆိပ်ကမ်းကို ပိုပြီးအဆင့်မြှင့်တင်ရန်  စဉ်းစားရခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent