ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဦးဝေဟင်အောင်တို့အား အမြန်ဆုံးပြန်လွှတ်ပေးရေး ၊မြောက်ဦးပစ်ခတ်နှိမ်နှင်းမှုအား ဥပဒေနှင့်အညီ စစ်ဆေးအရေးယူပေးရေး မင်းပြားမြို့တွင် ဒေသခံ ၃၀၀ ကျော် ဆန္ဒထုတ်ဖော် တောင်းဆို

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဦးဝေဟင်အောင်တို့အား အမြန်ဆုံးပြန်လွှတ်ပေးရေး ၊မြောက်ဦးပစ်ခတ်နှိမ်နှင်းမှုအား ဥပဒေနှင့်အညီ စစ်ဆေးအရေးယူပေးရေး မင်းပြားမြို့တွင် ဒေသခံ ၃၀၀ ကျော် ဆန္ဒထုတ်ဖော် တောင်းဆို
Published 31 January 2018

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဦးဝေဟင်အောင်အား အမြန်ဆုံးပြန်လွှတ်ပေးရေး၊ မြောက်ဦးပစ်ခတ်နှိမ်နှင်းမှုအား ဥပဒေနှင့်အညီ စစ်ဆေးအရေးယူပေးရေး မင်းပြားမြို့တွင် ဒေသခံ ၃၀၀ ကျော်က ဇန်နဝါရီလ ၃၁ ရက် နေ့လည် ၁၂ နာရီတွင် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်မှုကို နေ့လည် ၁၂ နာရီတွင် ရခိုင်အမျိုးသားပါတီ ရုံးသစ်နေရာမှ စုဝေးစတင်ခဲ့ပြီး မြို့တစ်ပတ် လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ ဆန္ဒထုတ်ဖော်ရာတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အဝရရှိရေး ၊ ၊ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဦးဝေဟင်အောင်အား အမြန်ဆုံးပြန်လွှတ်ပေးရေး၊ မြောက်ဦးပစ်ခတ်နှိမ်နှင်းမှုအား ဥပဒေနှင့်အညီ စစ်ဆေးအရေးယူပေးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို အလေးထားပါက ရခိုင်လူထု တောင်းဆိုမှုများကို အစိုးရမှ လိုက်နာရေး စသည့် အချက်လေးချက်အား ကြွေးကြော်တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ထို့အပြင် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ရာတွင် မြောက်ဦး အကြေမ်းဖက်ပစ်ခတ်သူများအား အစိုးရမှ ထိထိရောက်ရောက် ဥပဒေအရ ဖော်ထုတ်အရေးယူပေးရန် ၊ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဦးဝေဟင်အောင်တို့ကို ဖမ်းဆီးချုပ်နှောင်ထားရာမှ အမြန်ဆုံး ပြန်လွှတ်ပေးရန် ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အလေးထားပါက ရခိုင်လူထုတောင်းဆိုချက်များအား အစိုးရမှ လိုက်နာပါ စသည်တို့ကို ဗီနိုင်းပိုစတာများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ဥပဒေအထက်တွင် မည်သူမျှမရှိစေရ ဆိုသည့်အတိုင်း မြောက်ဦးပစ်ခတ်နှိမ်နှင်းသူများအား ဥပဒေနှင့်အညီ စစ်ဆေးအရေးယူရန်၊ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဦးဝေဟင်အောင် တို့အား အမျိုးသားရင်ကြားစေ့ရေးကို အလေးထားကာ အမြန်ဆုံး လွှတ်ပေးရန် ၊ ရခိုင်တိုင်းရင်းသားများ၏ တောင်းဆိုချက်များကို အစိုးရမှ စာနာနားလည်စွာ ဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ဖြင့် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၂၈ ရက်ကလည်း ကျောက်တော်မြို့တွင် လူထုအင်အား ၃၀၀ ကျော် က မြောက်ဦးသွေးမြေကျမှု ၊ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် (ခ) အောင်ကျော်ဝင်းအား ဖမ်းဆီးထားမှုနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၂၂ ရက်က မာန်အောင်မြို့တွင် လူထုအင်အား ၁၅၀ ခန့်တို့က ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သော လူစုလူဝေးအား အသက်သေဆုံးအောင်ထိ သေနပ်ပစ်ခတ်မှုလုပ်ရပ်အား ရှုပ်ချကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၅ ရက် နေ့လည်ပိုင်းက ရသေ့တောင်မြို့တွင် ဟောပြောခဲ့မှုနှင့် ပတ်သက်ပြီး ဒေါက်တာအေးမောင်သည် ဇန်နဝါရီလ ၁၈ ရက်က စစ်တွေမြို့ရှိ ၎င်း၏ နေအိမ်မှ ဖမ်းဆီးခံခဲ့ရပြီး ယင်းမတိုင်မီ ဇန်နဝါရီလ ၁၆ ရက် ညနေပိုင်းက စာရေးဆရာ ဝေဟင်အောင်
ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ရသေ့တောင်မြို့တွင် မေယုရင်သွီးလူမှုကူညီရေးအသင်းမှ ကြီးမှူးကျင်းပသော ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ၂၃၃ နှစ်ပြည့် ဝမ်းနည်းဖွယ်အခမ်းအနား စာပေဟောပြောပွဲတွင် ဟောကြားမှုများနှင့် ပတ်သက်ပြီး ထိုသို့ ဖမ်းဆီးရခြင်းဖြစ်ကြောင်းနှင့် ဟောပြောပွဲတွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဦးဝေဟင်အောင်တို့မှ ဟောပြောခဲ့ကြောင်းလည်း သိရှိရသည်။

ဇန်နဝါရီလ ၁၆ ရက်တွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့ နန်းရာကုန်းတွင် ၂၃၃ နှစ်မြောက် ရခိုင့်အချုပ်အခြာအာဏာ ကျရှုံးခြင်း ဝမ်းနည်းအောက်မိဖွယ်အခမ်းအနား ကျင်းပပြုလုပ်မည့် အစီအစဉ်ကို အာဏာပိုင်များမှ တားမြစ်ပိတ်ပင်မှုအပေါ် ကျင်းပခွင့်ရရှိရေး မြို့လူထုမှ ဆန္ဒထုတ်ဖော်ရာတွင် အာဏာပိုင်များဖက်မှ ပစ်ခတ်လူစုဖြိုခွဲမှုတွင် ဒဏ်ရာရရှိသူ ၁၂ ဦးနှင့် သေဆုံးသူ ၇ ဦးထိ သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။